(၁)
သော့ခလောက်တစ်ခုကို
အလျင်စလိုဖွင့်နေသံ၊ ဖွင့်နေတဲ့သော့တွဲရဲ့ သော့ချောင်းချင်းရိုက်ခတ်သံ၊ သော့ပွင့်သွားတဲ့
တံခါး ကို အမြန်ပြန်ပိတ်လိုက်သံတွေက ရေအိမ်ထဲတစ်ယောက်ယောက်ဝင်သွားတယ်ဆိုတာ သိနိုင်တယ်။
ဒီအသံတွေက နေ့ တစ်နေ့မှာ ဒုတိယအများဆုံး ကြားရနိုင်တဲ့အသံတွေ။ အကယ်၍ သော့ခလောက်ကို
အေးအေးဆေးဆေးဖွင့်နေမယ်၊ သော့ တွဲရဲ့သော့ချောင်းချင်းရိုက်သံကလည်း တချွင်ချွင်နဲ့ အဆက်မပြတ်မြည်နေမယ်၊
တံခါးအဖွင့်အပိတ်သံတွေကလည်း လေးလေးပင်ပင်ရှိနေမယ်ဆိုရင် ဒါဟာ ပါမောက္ခကြီးအခန်းတံခါးဖွင့်သံကလွဲပြီး
အခြားမဖြစ်နိုင်။ ဒီတံခါးအဖွင့်အပိတ်သံက အများကြီး မကြားရတတ်ပေမယ့်လည်း ဂရုတစိုက် နားစိုက်ထောင်နေရတတ်တဲ့
အသံတွေ။ အသံတစ်ကြိမ် ထွက်လာရင် တံခါးဖွင့်ခြင်း။ အသံနှစ်ကြိမ်ထွက်လာရင် တံခါးပိတ်ခြင်း။
ဇီးရိုးနှင့်ဝမ်း။ ဘိုင်နရီ စစ္စတမ်။ ပါမောက္ခကြီးအခန်းတံခါး ပွင့်နေရင် ကျန်တဲ့အခန်းတံခါးတွေ
ပိတ်နေတတ်တယ်။ ပါမောက္ခကြီးအခန်းတံခါးပိတ်သွားရင် ကျန်တဲ့အခန်းတံခါးတွေ ပွင့်လာသံကြားရတတ်တယ်။
သော့ချောင်းလှုပ်ခတ်သံမကြားရဘဲ သော့ခလောက်ပွင့်သံနဲ့ အခန်းတံခါးဖွင့်သံတွေပဲ ထွက် လာရင်
လျှို့ဝှက်နံပါတ်နဲ့ဖွင့်ရတဲ့ ကျောင်းသားနားနေခန်းများ။ တိတ်ဆိတ်နေတတ်တဲ့ အခိုက်အတန့်တွေမှာ
တဂျောက် ဂျောက် နံပါတ်နှိပ်သံတွေ ကြားရနိုင်တယ်။ အဲဒီအခန်းတွေဟာ နေ့လည်စာစားပြီးချိန်များမှာ
အဆူညံဆုံး။ သော့ချောင်း လှုပ်သံလည်း မကြားရ၊ သော့ခလောက်ဖွင့်သံလည်း မကြားရဘဲ ဂျွီးခနဲ
တံခါးပွင့်သံသက်သက်ပဲကြားရရင် ဒီအသံဟာ ဓာတ်လှေကားဆီကလွဲပြီး အခြားမဖြစ်နိုင်။ တံခါးပွင့်သံနဲ့အတူ
စကားပြောသံတွေပါ တစ်ဆက်တည်းလိုက်ပါလာတတ် တယ်။ လူနာတင်လှည်းတွန်းသံနဲ့ တိုးတိုးညင်သာ
ညည်းညူနေသံတွေလည်း မကြာခဏလိုက်ပါလာတတ်တယ်။ လျှပ်စစ် မီးရတဲ့အချိန်တွေနဲ့ ရုံးချိန်အတွင်းမှာ
အများဆုံးကြားရတတ်တဲ့ အသံတွေပေါ့။
(၂)
နက်စ်ပလိန်းတစ်ခွက်
တစ်ရာပဲပေးရသေးတဲ့ ၂၀၀၂ကာလတွေတုန်းက ညညဆို မေတ္တာလမ်းထောင့် ဦးတင့်ဇော် အဆောင်ကနေ လမ်းထဲလက်ဘက်ရည်ဆိုင်မှာ
နက်စ်ပလိန်းတစ်ခွက်နဲ့ ရာစုသစ်တစ်ခွေလုံးနီးပါး ထိုင်နားထောင်ခဲ့ကြ တာတွေ သတိရမိပါသေးတယ်
အို-ဒီဇင်ဘာ။ အဲဒီတုန်းက အားလုံးမတ်တပ်ရပ်ပေးလို့ရမလားလို့ပြောရင် တစ်ဆောင်လုံး မတ်တပ်ရပ်ပေးကြတာ။
လက်ခုပ်တီးပေးလို့ရောရမလားဆိုရင်လည်း တစ်ဆောင်လုံး တီးလိုက်ကြတာပဲ။ လက်ခုပ်သံတွေ တဖြိုးဖြိုး
တဖျောက်ဖျောက်။ အဲဒီတုန်းက အဆောင်မှူးဒေါ်မိမိအေးရဲ့ ထမင်းချိုင့်ထဲက အသားတုံးတွေ ကြီးလိုက်
ငယ်လိုက်နဲ့ ဖွင့်ကြည့်လိုက်တိုင်း ပဉ္စလက်ဆန်ပြနေခဲ့တာပေါ့။ အဲဒီတုန်းက စော်ဘွားကြီးအဆောင်မှာနေခဲ့ကြတဲ့
ကောင်မ လေး လေးယောက်ဟာ အခုဆို ကလေးအမေဖြစ်တဲ့သူကဖြစ်၊ အပျိုကြီးဖြစ်တဲ့သူကဖြစ်နဲ့။
လမ်းကြောင်း-၄ မှန်လုံ ဘတ်စ်ကားကြီး မမီလိုက်တဲ့နေ့တွေဆို စစ်လက်ကျန် အာတီစီနောက်မှာတွဲခိုပြီး
မြေနီလမ်းတစ်လျှောက် ဖုန်မှုန့်တွေရှူရင်း ကျောင်းကို ရောက်မှန်းမသိ ရောက်ခဲ့ကြရတယ်။
ဖော်မလင်ကန်တွေကို စပ်စပ်စုစုလိုက်ဖွင့်ကြည့်ပြီး ဖော်မလင်စိမ်ထားတဲ့ ညိုမည်းမည်း အလောင်းသုံးလေးခုကို
မရဲတရဲချောင်းကြည့်ကြ၊ ပြီးတော့ ဖော်မလင်မွှန်ချင်ယောင်ဆောင်ပြီး အမြန်ပြန် ပိတ်ခဲ့ကြ။
အခု ပထမနှစ်ဌာနတွေရှိတဲ့ဘက်က တစ်ရိပ်ရိပ်မိုးပြီး စိမ်းစိုဝေဖြာနေတဲ့အပင်တွေဟာ အဲဒီတုန်းက
ခေါင်းငုံ့ပြီး လျှောက်မှ မြင်ခဲ့ရတာတွေလေ။ အဲဒီဘက်တွေမှာ လက်ချာလစ်ပြီးသွားထိုင်ကြတဲ့အခါ
သိပ်မဝေးတဲ့ ထန်းပင်စုတွေဆီက နေ ပေါ်လိုက်ပျောက်လိုက် ခုန်လိုက်ပေါက်လိုက်နဲ့ ခြောက်သွေ့နေတဲ့လယ်ကွင်းကို
ဖြတ်လျှောက်လာသူတွေကတော့ မြေမှုန်ဝါဝါတွေနဲ့ဖွဲ့စည်းထားတဲ့ ကတော့ချွန်လေပွေငယ်လေးတွေပဲပေါ့။
(၃)
အန်တီဖြူ
ခေါင်းလေးတစ်ချက်ငုံ့၊ မျက်မှန်ကိုကျော်ပြီးစိုက်ကြည့်လိုက်ရင် ကျွန်တော်တို့မှာ မတ်တပ်အနေအထားနဲ့
အေးခဲ တောင့်တင်းသွားရစမြဲပါ။ ဟောက်စ်ဆာဂျင်ဘဝတုန်းက မနက်မနက် လူနာရောင်းမလှည့်ခင်
ညတုန်းက အိပ်ငိုက်ငိုက်နဲ့ ရေးထားတဲ့ ရီပို့စာအုပ်ကြီးပိုက်ပြီး အန်တီဖြူ့ရုံးခန်းထဲမှာ
ရီပို့ဖတ်ရပါတယ်။ အန်တီဖြူက ဟောက်စ်ဆာဂျင်ရေးတဲ့ ရီပို့ကို ပဲဖတ်ပါတယ်။ တာဝန်ကျဆရာဝန်ရေးတဲ့
ရီပို့ကတော့ ဆေးရုံအုပ်ကြီးဖတ်ပါတယ်။ ညတုန်းကတင်ထားတဲ့ လူနာတွေ၊ ပေးထားတဲ့ကုသချက်တွေကိုဖတ်။
လိုအပ်ချက်တွေထောက်ပြ။ ဆူစရာရှိဆူ။ ပွက်စရာရှိပွက်။ ရစ်စရာရှိရစ်။ ပြီးတော့မှ သူ့ရှေ့မှာ
မျက်နှာငယ်လေးတွေနဲ့ ငေါင်တောင်တောင်ဖြစ်နေတဲ့ ဟောက်စ်ဆာဂျင်သုံးကောင်ကို မိန့်မိန့်ကြီးပြုံးကြည့်ရင်း
စာစသင်ပါတော့တယ်။ အန်တီဖြူ့အခန်းထဲက ဝှိုက်ဘုတ်ပေါ်မှာရေးထားတဲ့ ဟောက်စ်ဆာဂျင်တွေတတ်ရမယ့်
သင်ရိုး မကုန်မချင်း တစ်နေ့တစ်ခု သင်ပါတယ်။ တချို့ရက်တွေမှာ အင်္ဂလိပ်စာသင်ပါတယ်။ တချို့ရက်တွေမှာ
စိတ်ကောက်ပါ တယ်။ တချို့ရက်တွေမှာ သူ့အိမ်က ကြောင်တွေအကြောင်း ပြောပါတယ်။ တချို့ရက်တွေမှာ
သူ့စားပွဲပေါ်က အရွက်ညှိုးစ ပြုနေတဲ့ ပန်းပင်လေးကို ရေလောင်းပေးဖို့ ပြောပါတယ်။ ခရစ္စမတ်ရောက်ရင်
သီချင်းဆိုခိုင်းပါတယ်။ နျူးယီးယားရောက်ရင် ကော့တေးဖျော်တိုက်ပါတယ်။ ဒုံးယိမ်းညသီချင်းဆိုရင်
အရှေ့ထွက်ကပါတယ်။ ကမ်းရိုးတန်းမြို့လေးရဲ့ ဆေးရုံတစ်ရုံမှာ။
(၄)
အဲဒီ
စော်ဘွားကြီးအဆောင်က ကောင်မလေး လေးယောက်ဟာ မနက်ကျောင်းသွားရင် စာအုပ်တွေအများကြီး သယ်လာ
တတ်ကြပါတယ်။ အဲဒီနေ့ သင်မယ့်စာအုပ်တွေရော အဲဒီနေ့ မသင်တဲ့စာအုပ်တွေရောပေါ့။ ညနေ နောက်ဆုံးလက်ချာချိန်
မပြီးခင် ဆယ်မိနစ်လောက် ကြိုလစ်ထွက်လာတတ်ကြပြီး စာသင်ဆောင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့
ကျောင်းကားတွေ ပေါ်ပြေးတက်၊ လွယ်အိတ်ထဲပါသမျှစာအုပ်တွေနဲ့ ဒေါ်မိမိအေးအဆောင်သား ဆယ်ယောက်ကျော်အတွက်
ခုံနေရာဦးပေး ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက မှန်လုံခြောက်စီးလားပဲ ရှိပါသေးတယ်။ လမ်းကြောင်းက
ငါးခု။ စုရပ်နေရာက ကွင်းပြင်ကြီးထဲ က သရက်ပင်ကြီးကြီးတစ်ပင်။ အဲဒီ သရက်ပင်ကိုပဲ ဝိုင်းပတ်ခြံရံပြီး
ကျောင်းကားစောင့်ခဲ့ကြရတာ။ လမ်းကြောင်းလေးခုရဲ့ မှန်လုံကားကြီးတွေ အသီးသီးထွက်သွားပြီးရင်
နောက်ထပ်ချီတက်လာကြတာကတော့ အာတီစီလို့ခေါ်ကြတဲ့ ရိန်းဂျားကား ကြီးတွေပါပဲ။ သရက်ပင်အောက်မှာ
ပရွက်ဆိတ်အုံလိုစောင့်နေကြတဲ့ ကျောင်းသားအုပ်ကြီးဟာ ဖုန်လုံးကြီးတွေကြားထဲ တဂီးဂီးအော်ပြီး
ချီတက်လာကြတဲ့ကားတွေကို မျှော်လင့်ခြင်းကန္တာရကွင်းပြင်ကမျှော်ကြည့်ရင်း ဘယ်ကားက ဘယ်လမ်း
ကြောင်းနဲ့ပြန်မှာလဲဆိုတာ မှန်းဆတတ်ရပါတယ်။ ကိုပိန်မောင်းတဲ့ကားဆိုရင် လမ်းကြောင်း
၃ နဲ့ ၄ အဖြစ်များတတ်ပြီး ဦးရဲ ဆိုရင်တော့ လမ်းကြောင်း ၅ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ
အတည်တကျမရှိနိုင်သေးတဲ့ အဲဒီနေ့ရက်တွေမှာ ဘားသက်ကြီးရဲ့ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ခဲ့ပါတယ်။
ဘားသက်က ရွှီးခနဲ ဝီစီမှုတ်၊ လက်ညှိုးထိုးပြီး ‘သုံး’ လို့အော်ရင် ဘားသက်လက်ညှိုးတည့်တည့်ကကားဟာ
လမ်းကြောင်း ၃ က မောင်းရပါတယ်။ ၄ မောင်းခိုင်းလို့ မရပါဘူး။ ဘားသက်မျက်နှာကြည့်ရင်း၊
ဝီစီသံနားထောင်ရင်း အဆောင်ပြန်ခဲ့ကြရတဲ့ နေ့ရက်များပါပဲ။ ကမ္ဘာဦးလူတွေ အုပ်စုဖွဲ့ပြီး
အမဲလိုက်ခဲ့ကြသလို ကျောင်းကားစီးခဲ့ကြရတဲ့ နေ့ရက်များပေါ့။
(၅)
ပလတ်စတစ်ပိတ်ထားတဲ့
ဂျယ်လီခွက်ပေါ်ကို အာထရာဆောင်းထောက်လိုက်တော့ အထဲမှာရှိချင်သလိုရှိနေကြတဲ့ သစ်သီးတုံး
သုံးလေးခုဟာ မော်နီတာမျက်နှာပြင်ပေါ်မှာ အဖြူရောင်လေးထောင့်တုံးလေးတွေအဖြစ်နဲ့ ပေါ်လာကြတယ်။
လက်တစ်ဘက်နဲ့ အာထရာဆောင်းလက်ကိုင်ကို ငြိမ်အောင်ထောက်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ဆေးထိုးအပ်ကို
အသင့်အနေအထားဖြစ်အောင် ကိုင်လိုက်တယ်။ လှုပ်ရှားနေတဲ့စိတ်တွေ တည်ငြိမ်သွားအောင် ခဏစောင့်ပြီး
အပ်ကို အာထရာဆောင်းထောက်ထားတဲ့ အောက်နားကနေကပ်ပြီး ဂျယ်လီခွက်ထဲကို အသာထိုးထည့်လိုက်တယ်။
ဝင်သွားတဲ့ အပ်ဖျားဟာ အဖြူရောင်အချောင်းလေးအဖြစ်နဲ့ မော်နီတာပေါ်မှာ လှုပ်စိလှုပ်စိ ပေါ်လာတယ်။
အပ်ဖျားက သွားချင်တဲ့ နေရာကို မရောက်သေးဘူး။ လက်ကိုငြိမ်အောင်ထားပြီး နည်းနည်းထပ်ထိုးလိုက်မှ
အပ်ဖျားဟာ အထဲရှိတဲ့ သစ်သီးတုံးထဲ စိုက်ဝင်သွားတာကို မော်နီတာပေါ်မှာ မြင်ရတယ်။ ဆရင်းနောက်ပိတ်ကို
စုပ်လျက်သားနဲ့ အပ်ကိုအသာပြန်ဆွဲထုတ်ပြီး နောက်တစ်ချက်ပြန်ထိုးတယ်။ နှစ်ချက် သုံးချက်လောက်
မိမိရရထိုးပြီးသွားတော့မှ အပ်ကို ဂျယ်လီခွက်ထဲကနေ ပြန်ဆွဲ ထုတ်လိုက်တယ်။ ပြီးတော့ အပ်ကိုအသာဖြုတ်။
ဆရင်းထဲလေစုပ်။ အပ်ပြန်တပ်ပြီး အသင့်ဖြန့်ခင်းထားတဲ့ တစ်ရှူးစပေါ် မှုတ်ထုတ်လိုက်တော့
အပ်ထဲမှာပါလာတဲ့ သစ်သီးစဝါဝါလေးတွေ ထွက်လာတယ်။ ကွန်ဂရက်ကျူလေးရှင်းဆိုပြီး သင်တန်း
နည်းပြက လက်ခုပ်တီးအားပေးတယ်။ ပြီးတော့ နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပြီလားတဲ့။
ရယ်ဒီပဲဆိုတော့ သူက မော်နီတာပေါ်မှာ အပေါ်အောက်ကပ်လျက်ရှိနေတဲ့ သစ်သီးတုံးလေးနှစ်တုံးကို
လက်နဲ့ထောက်ပြပြီး အပေါ်ကအတုံးကို လည်ပင်းသွေးကြောမကြီးလို့ မှတ်ယူလိုက်ပါတဲ့။ သူ့ကို
မထိစေဘဲ အောက်ကအတုံးကို ရအောင်ထိုးပါတဲ့။ ပြုံးရင်းပြော တယ်။ သူ့အပြုံးရဲ့ရိုက်ခတ်မှုကြောင့်
အသံလွန်လှိုင်းတွေလိုပဲ မသိမသာတုန်ခါလာတဲ့လက်တွေကို ငြိမ်အောင်ထိန်းချုပ်ပြီး အာထရာဆောင်းပြန်ထောက်တယ်။
စိတ်ကြိုက်မြင်ကွင်းရတော့မှ စောစောကလိုပဲ ကျန်တဲ့လက်တစ်ဘက်နဲ့ အပ်ကိုထိုး ထည့်လိုက်တယ်။
အပ်ဖျားက မော်နီတာပေါ်မှာ ပေါ်တစ်ချက် ပျောက်တစ်ချက်နဲ့။ လက်ကလည်း မသိမသာတုန်နေရာက သိသိသာသာတုန်လာတယ်။
ဇွတ်ထိုးထည့်မယ်လုပ်တော့ သင်တန်းနည်းပြက အပ်ဖျားကို မမြင်ဘဲမထိုးရဘူးတဲ့။ တားမြစ် တယ်။
ဒါနဲ့ အပ်ကို အပြင်ပြန်ဆွဲထုတ်။ တည်ငြိမ်အောင်ပြန်ကြိုးစားတယ်။ မကြောက်နဲ့။ အဲဒါ လည်ပင်းသွေးကြော
မဟုတ်ဘူး။ သစ်သီးတုံးပါကွာ။ ကိုယ့်ဟာကိုယ်အားပေးရင်း အပ်ကို ဂျယ်လီခွက်ထဲ အသာထိုးထည့်လိုက်တယ်။
အပ်ဖျား ကို မော်နီတာပေါ်မှာ မြင်နေရတယ်။ နည်းနည်းထပ်ထိုးထည့်တယ်။ အပ်ဖျားကို မြင်နေရတုန်းပဲ။
ထပ်ထိုးတယ်။ အပ်ဖျား ဟာ ပျောက်မသွားဘူး။ အပေါ်တုံးနားမှာ အပ်ဖျားက လှုပ်စိလှုပ်စိနဲ့။
ဝဲနေတယ်။ အပ်လမ်းကြောင်းကို လွတ်လွတ် ကျွတ်ကျွတ်ဖြစ်အောင် ချိန်ပြီးထပ်ထိုးလိုက်တော့
အပ်ဖျားဟာ အပေါ်တုံးအဖျားနဲ့ငြိပြီးမှ အောက်အတုံးထဲကို စိုက်ဝင်သွား တယ်။
(၆)
ကလေးမွေးပြီးလို့
ဆေးရုံဆင်းခါနီးကျရင် အမေတွေက လက်တစ်ဘက်က ကလေးကိုပိုက်၊ နောက်တစ်ဘက်က တရော် ကင်ပွန်းခွက်လေးကိုင်ပြီး
ကလေးခေါင်းဆေးပေးချင်လို့ပါဆိုပြီး ရောက်လာတတ်ကြတယ်။ အဲဒီအခါကျ ကလေးအမေ လက်ထဲက အနှီးထုပ်လေးအသာဖြည်ချပြီး
အမေ့ရင်ငွေ့နဲ့အိပ်ပျော်နေတဲ့ မွေးကင်းစလေးရဲ့ ဆံစ၊ လက်ဖဝါး၊ ခြေဖဝါးလေး တွေကို စောစောက
တရော်ကင်ပွန်းရည်လေးနဲ့ အသာသပ်ချပေးရင်း ဆုတောင်းမေတ္တာစာတွေ မရွတ်တတ်ရွတ်တတ်နဲ့ ရွတ်ရပါတယ်။
ငယ်ထိပ်စိုသွားလို့ ကလေးက ခွီးခနဲ နှာထချေတဲ့အခါမျိုးကျတော့လည်း ဖြည်ထားတဲ့အနှီးကို
ကပျာကယာ ပြန်ထုပ်ပေးပြီး သူ့အမေလက်ထဲ အမြန်ပြန်ထိုးထည့်ပေးရတာပေါ့။ အဲဒါတွေပြီးရင်
ဆေးရုံက ဆရာ၊ ဆရာမတွေစားဖို့ ဆိုပြီး ကလေးအမေနဲ့ ဆွေမျိုးသားချင်းတစ်သိုက်က မုန့်ပဲသွားရည်စာတွေ
ပေးခဲ့တတ်ကြပါတယ်။ ငှက်ပျောသီးအဖီးလိုက် တွေဟာ ကလေးပြေးမွေးလိုက်၊ အမောပြေစားလိုက်နဲ့ဆိုတော့
တစ်ရက်တောင် အနိုင်နိုင်ရယ်။ နောက် တစ်လကျော် ကျော်လောက်ကြာရင် ဒါဆရာ့သားလေ၊ ဒါဆရာသမီးလေဆိုပြီး
သန္ဓေတားဆေးလာထိုးရင်း၊ ကလေးလာပြရင်း ပြန် ရောက်လာတတ်ကြပါတယ်။ အသည်းအသန် ခဲမှန်လုပ်ထားခဲ့ရတဲ့
ပေါင်မပြည့်၊ လမစေ့လေးတွေ အမေနို့ရည်တန်ခိုးနဲ့ ဝတုတ်ပြဲလေးတွေဖြစ်လာရင်တော့ ဒါ ကျွန်တော့သားလေးလားဆိုပြီး
သူတို့မပြောသေးခင် ဦးအောင်မေးမိပါတော့တယ်။
(၇)
ဖူဂျီဆပ်ပြာခရင်ကို
ဘတ်ခနဲ ကလော်သုတ်ပြီး ဘရပ်ရှ်နဲ့တဗျင်းဗျင်း တိုက်ချွတ်လျှော်ဖွပ်ထားတဲ့ ဂျင်းဘောင်းဘီတွေလို
အဟောင်းမြန်ခဲ့တဲ့နေ့ရက်များ။ ညနေကျောင်းပြန်ချိန် အဆောင်ဘေးမှာ ဆိုင်လာခင်းတတ်တဲ့
ကြာဇံကြော်နဲ့ ဝက်သား တုတ်ထိုးဆိုင်က အထူးမှာစားခဲ့ကြရတဲ့ တစ်လုံးငါးဆယ်တန် ဝက်မျက်လုံးများ။
ဆောင်းဘောက်စ်ထဲက သီချင်းသံတွေ ထိရှခံရပြီး ကွဲအက်ထွက်ကျခဲ့ကြတဲ့ လက်ဘက်ရည်ဆိုင်အကြမ်းပန်ကန်လုံးထဲက
ကြက်ဥကာကျက်များ။ ထမင်းပုံစား တစ်နပ် နှစ်ရာ့ငါးဆယ်ပဲပေးရသေးတဲ့ မေတ္တာလမ်းထိပ်က အောင်ချမ်းသာထမင်းဆိုင်ရယ်၊
သူနဲ့မနီးမဝေးမှာရှိတဲ့ လွင်မိုး ဆိုတဲ့ဆံပင်ညှပ်ဆိုင်က ဒိုးလုံးနဲ့တူတဲ့အရပ်ပုပုလူရယ်၊
မင်းသိင်္ခဝတ္ထုတွေ ကြိုက်တတ်တဲ့ ဦးတင့်ဇော်အဆောင်က ကွမ်း တမြုံ့မြုံ့ကိုကျော်ရယ်၊ နေ့စဉ်လိုလိုနည်းမျိုးစုံနဲ့
ဖြတ်သန်းခဲ့ကြရတဲ့ ဧရာဝတီတံတားကြီးရယ်၊ ဝမ်းစတားက ငှားဖတ်ပြီး ကြိုက်လွန်းလို့ ပြန်မအပ်ခဲ့တဲ့
တာရာမင်းဝေဝတ္ထုတွေရယ်၊ ကြက်သွန်ဖြူကို ဓားပြားနဲ့ရိုက်လိုက်တာ ပြားသွားရောဆိုတဲ့ မရယ်ရတဲ့ဟာသတွေနဲ့
ငမောင်ရယ်၊ တစ်ဆောင်လုံး အပြိုင်အဆိုင် ဝယ်စီးခဲ့ကြတဲ့ ရောင်စုံ scholl ဖိနပ်ထူထူတွေရယ်၊
အဆောင်မှာ လူမျိုးမရွေး၊ ဘာသာမရွေး ခြောက်တတ်တဲ့ သရဲလိုလို ဘာလိုလိုကြီးရယ်၊ အွန်စောနဲ့တူတယ်ဆိုတဲ့
ကောင်မလေးနှစ်ယောက်ရယ်။
(၈)
ဂျူတီချိန်မှာ
အရေးပေါ်ကို လူတစ်ယောက်ဝင်လာတယ်။ နား ပြချင်လို့ပါတဲ့။ ဒီက မဟုတ်ပါဘူး။ ခရီးသွားရင်း
လမ်းကြုံ လို့ပါတဲ့။ အင်း နားက ဘာဖြစ်လို့တုန်းဆိုတော့ အရည်တွေထွက်နေလို့ပါတဲ့။ ဆရာမတွေက
နားပြည်ယိုတာ ပြင်ပလူနာမှာ ပြရမှာလို့ပြောပေမယ့်လည်း မသွားသေးဘဲရပ်နေတာနဲ့ နားကိုက်သေးလားလို့
မေးလိုက်တယ်။ နည်းနည်းကိုက်တယ်တဲ့။ အင်း ဒါဆိုလည်းလာ ကြည့်ပေးမယ်ဆိုတော့ လူနာက ကျွန်တော်မဟုတ်ဘူး။
လူနာက ဆေးရုံအောက်က ကန်တီးမှာ ထမင်းစားနေလို့ ကျွန်တော်က အရင် စာရင်းလာပေးတာပါတဲ့။
တအောင့်လောက်နေတော့ လူနာဆိုတဲ့သူကို ခေါ်လာကြ တယ်။ စွပ်ကျယ်လက်ပြတ်နဲ့ အသက်အစိတ်ဝန်းကျင်လောက်ရှိမယ်။
ရောက်ရောက်ချင်းပဲ သူက နောက်မှကြည့်ပေးလို့ မရဘူးလား။ ကျွန်တော်လက်သည်းညှပ်နေတာ မပြီးသေးလို့တဲ့။
ဘာပြောရမှန်းမသိဖြစ်နေတုန်း စောစောကလာမေးတဲ့ လူကြီးက ဆရာ သူ့ကို ရွာသာကြီးကပြန်ခေါ်လာတာ
မကြာသေးဘူးတဲ့။ အတူပါလာတဲ့ မိန်းမကြီးတစ်ယောက်က ဟဲ့ အရင်ပြလိုက်လေ။ လက်သည်းက နောက်မှညှပ်တဲ့။
လူနာက လက်သည်းညှပ်ကိုင်ရင်း ခပ်တွေတွေစိုက်ကြည့်ပြီး ရပ်နေ တယ်။ ဆရာမတွေလည်း ဘာလုပ်ပေးရမှန်မသိတော့။
ကဲ ကဲ လက်သည်းအရင်ပြီးအောင်ညှပ်ပြီးမှ လာပြပါလို့ ပြော လိုက်ရတော့တယ်။ တော်ကြာ ကိုယ်က
သူ့နားရွက်ဖြဲကြည့်နေတုန်း တစ်ခုခု ထလုပ်နေမှဖြင့်။ လူနာကတော့ ဝမ်းသာ အားရနဲ့ ဆေးရုံရှေ့မှာ
သူ့လက်သည်းတွေ စိမ်ပြေနပြေညှပ်နေတော့တယ်။ အဲဒီအချိန်တုန်းက ဗမာသရဲကားတွေထဲကလို မိုးတွေကလည်းရွာ။
မီးကလည်း ပျက်နေသေးတယ်လေ။
(၉)
ခေတ္တာလမ်းအဆောင်ရောက်တော့
လမကုန်ခင် အဆောင်လခ လာလာတောင်းတတ်တဲ့ ဒေါ်ညွန့်ကြီး နောက်မလာရဲ အောင် အရိုးတွေရေဆေးပြီး
အဆောင်ရှေ့ထုတ်လှန်းထားခဲ့ဖူးတယ်။ အဲဒီတုန်းက နီမောကူးမားရ်တီးတဲ့ ဗုံသံဟာ မနက် တိုင်းကြားခဲ့ရတဲ့
သည်မောင့်လက်သံ ဒေါင်ဒေါင်လန်တွေ။ ဆီတွေရွှဲလက်နေတဲ့ တစ်ချောင်း တစ်ရာ့ငါးဆယ်တန် အမဲညှင်းချောင်းတုတ်တုတ်ကြီးတွေနဲ့
သုခိတာထမင်းသုတ်ဟာ မြိန်ရည်ယှက်ရည်ပဲ။ လမ်းထိပ်က ကွန်ပျူတာဂိမ်းဆိုင်မှာ ညလုံးပေါက်
စစ်တိုက်ကြ၊ မိုးလင်းခါနီးမှ အဆောင်ပြန်လာ၊ မအိပ်နိုင်ကြသေးဘဲ ငါဘယ်လိုလုပ်လိုက်တာ
ဟိုကောင့် တရုတ်မ ဘယ်လိုဖြစ်သွားတာဆိုပြီး လေနဲ့ထပ်တိုက်ကြ၊ ဖိုင်နယ်စာမေးပွဲရက်တွေတောင်
အလွတ်မပေးဘဲ တစ်နာရီရရ တစ်နာရီ ပြေးဆော့ခဲ့ကြတဲ့ ဂိမ်းကစားသူများနေ့ရက်တွေ။ ဒေါ်ညွန့်ကြီး
သူ့အဆောင်တံခါးကို ဘယ်သော့ခလောက်နဲ့ပဲ ခတ်ခတ် အချိန်တန်ရင် ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်နေခဲ့ကြတာပဲ။
ခေါင်းအုံးအောက်ကနေ လက်မမဲကြီးတွေထောင် ပြီး ထွက်ထွက်လာတတ်ကြတဲ့ ကင်းမြီးကောက်တွေလို။
လင်းဇင်ယော်
IDEA Magazine - 2015, December.