Tuesday, November 6, 2012

မုဆိုးတွေနေတဲ့ရွာ

သမုဒ္ဒရာထဲမှာ ငါးမျှားတဲ့ငါးတွေ  
တောနက်ထဲမှာ အမဲလိုက်တဲ့တောကောင်တွေ
လောကမှာ လူဖမ်းတဲ့လူတွေ

၁ ကို ၂ ကဖမ်းလိုက် 
၂ ကို ၃ ကဖမ်းလိုက်    
၃ ကို ၄ ကဖမ်းလိုက်    
၎ ကို ၅ ကဖမ်းလိုက်
၅ ကို ၆ ကဖမ်းလိုက် 
၆ ကို ၇ ကဖမ်းလိုက် 
၇ ကို ၈ ကဖမ်းလိုက်       
၈ ကို ၉ ကဖမ်းလိုက် 
၉ ကို ၁ ကပြန်ဖမ်းလိုက် 

အားလုံး     
‘သုညကြီးကြီး’ တစ်လုံးထဲမှာ


Village of Predators

There are anglerfishes in the ocean; angling fishes,
There are beasts in the jungle; hunting beasts and
There are men in the world; catching men.

1 is caught by 2
2 is caught by 3
3 is caught by 4
4 is caught by 5
5 is caught by 6
6 is caught by 7
7 is caught by 8
8 is caught by 9
9 is caught again by 1 and

Everything is…
In a ‘Huge Zero’.

Lynnzinyaw
(15th , April, 2011)


















Sunday, October 14, 2012

အပြည်ပြည်ဆိုင်ရာလေဆိပ်



သားဖွားခန်းထဲ လေယာဉ်တစ်စင်း ထိုးဆင်းလာတယ်
ခရီးဝေးဖြတ်ပျံလာတဲ့ လေယာဉ်အင်ဂျင်သံဆူညံ
ပြည်တွင်းဆိုက်ရောက်လား ပြည်ပဆိုက်ရောက်လား
လှိုက်လှဲစွာကြိုဆိုပါ၏

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လေယာဉ်တစ်စင်း ဆီခန်း/ဖြည့်နေတယ်
ခရီးဝေးဖြတ်ပျံဖို့အတွက် ပန်ကာဒလက်တွေစတင်လည်ပတ်
ပြည်ပထွက်ခွာလား ပြည်တွင်းထွက်ခွာလား
နှုတ်ခွန်းဆက်သပါ၏

ကျေးဇူးပြုပြီးနားဆင်ပါရှင်
၁ - လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး ထိုင်ခုံခါးပတ်များသေချာစွာပတ်ထားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်
၂ - လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး လက်ကိုင်ဖုန်းများစက်ပိတ်ထားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်
၃ - လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး ဆေးလိပ်မသောက်သုံးရန် မေတ္တာရပ်ခံပါတယ်ရှင်
ကျေးဇူးတင်ပါတယ်ရှင်

၂၀၁၂၊ အောက်တိုဘာ။

Friday, October 12, 2012

မိမိအရေပြားကို မိမိနှင့်တစ်ပါတည်းယူဆောင်လာပါ။ ပြန်ယူဆောင်သွားပါ။


နေထွက်ရာမျက်နှာကြက်ကို အရပ်မူပါ။ လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းထားပါ။ မိမိအရေပြား မိမိယူဆောင်လာ ပါ။ တံခါးမကြီးများ တစ်ခုပြီးတစ်ခုဖြတ်သန်းပါ။ လာပါ။ ထိုင်ပါ။ အေးမြသောသစ်သီးကို စားသုံးပါ။ အေးမြသောရေ ကို သောက်သုံးပါ။ ကြိုက်နှစ်သက်ရာခေတ်ကို သီဆိုပါ။ ကြိုက်နှစ်သက်ရာခေတ်ကို ဖတ်ရှုပါ။ ဒူးနှစ်ဖက်ကို ရင် ဘတ်နှင့်ထိအောင်ကွေးပါ။ ထပ်၍ကွေးပါ။ ထပ်၍ထပ်၍ ကွေးပါ။ မသိမှုများကိုကျောရိုးတစ်လျှောက် တအိအိ ထိုး ထည့်ပါ။ မေ့မြောခြင်းကို ပုံမှန်ရှူသွင်းပါ။ သွေးထွက်များလျှင် ချွေးထွက်များပါ။ ချွန်မြထက်ရှသော သတ္တုကိုသာ အသုံးပြုပါ။ မလို-အပ်ချက်များကို ရှောင်တိမ်းပါ။ ခက်ခဲသောသွေးထွက်သံယိုမှုကြီးများကို လျှပ်စစ်-စစ်-စစ်ဖြင့် အလွန်အကျွံထိန်းချုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ ကြိုးများကို မြဲမြံစွာချည်နှောင်ပါ။ ဖြတ်တောက်ပါ။ တသွင်သွင်စီးဆင်း နေသော အသက်သွေးကြောမကြီးများကို ငြင်သာစွာကိုင်တွယ်ပါ။ ဟုတ်ကဲ့ပါ။ ကျေးဇူးပြုပြီး ခေတ္တစောင့်ဆိုင်းပါ။ အရေးမပေါ်ပါ။ အရေးပေါ်ပါ။ အရေးကြုံလျှင် အသက်ကို(ဖက်နှင့်)လုံအောင်ထုပ်ပိုးထားပါ။ ဖဝါး ဖမိုး လက်ခေါက် ချိုးပါ။ တစ်ခန်းကူး တစ်ခန်းဆက်ပါ။ တစ်ခန်းဝင် တစ်ခန်းထွက်ပါ။ တစ်ခန်းပြီး တစ်ခန်းပြင်ပါ။ ထမင်းဝအောင် စား ထားပါ။ ကိစ္စပြီးလျှင် ရေများများလောင်းပါ။ လုပ်ငန်းရှုခင်း ပွင့်လင်းမြင်သာမှုရှိအောင် ဝိုင်းဝန်းပါ။ ကူညီပါ။ သတိ ရလျှင်ရချင်း သတိရပါ။ ခြောက်နာရီကျော်မှ ဦးခေါင်းလှုပ်ပါ။ နေဝင်လျှင် မျက်နှာဖုံးစွပ်များခွာချ၍
အိမ်သို့ပြန်ပါ။
မြန်မြန်လုပ်ပါ။
မြန်မြန်မြန်လုပ်ပါ။
မြန်မြန်မြန်မြန်လုပ်ပါ။
ထသွားပြန်ကြည့် သတိရှိပါ။

၂၀၁၂၊ အောက်တိုဘာ။

Thursday, September 20, 2012

ရီမုတ်ကွန်ထရိုး


ခလုတ်တစ်ချက်…အဆိပ်အပြင်းဆုံးမြွေဆိုးကြီးများနှင့် ကခုန်ခြင်းအကြောင်း
ခလုတ်တစ်ချက်…ကမ္ဘာမြေကြီးကို အကျိုးပြုသော တီကောင်များနှင့် တီကျစ်စာမြေခဲများ
ခလုတ်တစ်ချက်…အသေးဆုံးပုရွက်ဆိတ်ကနေ အကြီးဆုံးဂေါ်ဇီလာအထိ
ခလုတ်တစ်ချက်…လူတိုင်းအသည်းစွဲ ပရီးမီးယာလိဂ်ဘောလုံးပွဲ
ခလုတ်တစ်ချက်…ရော်ဂျာဖက်ဒါရာ၊ ရာဖေးနာဒယ်လ်၊ ဆရီနာဝီလျံ၊ ဗီးနပ်စ်ဝီလျံ၊ ရှာရာပိုဗာ
ခလုတ်တစ်ချက်…ကြိုးဝိုင်းထဲတွင် ကြွက်သားစိုင်ကြီးများနှင့် ကျားကျားလျားလျားသတ်ပုတ်ခြင်း
ခလုတ်တစ်ချက်…မြေပြိုခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ စစ်ဒဏ်၊ အငတ်ဘေးဒဏ်
ခလုတ်တစ်ချက်…စား…စား…စားကြမယ်ဟေ့ ကောင်းကောင်း
ခလုတ်တစ်ချက်…လူဝကြီးများ ကိုယ်အလေးချိန် အပြင်းအထန်လျှော့ချခြင်းအကြောင်း
ခလုတ်တစ်ချက်…အိုပါး၊ အိုမား၊ အာဘုဂျီး၊ ဆိုဂျူး၊ ကင်မ်ချီ၊ အညာ့ဆရော၊ ဆာဒါးငဲရော
ခလုတ်တစ်ချက်…မရိုးနိုင်၊ မထနိုင်၊ မကြည့်ဘဲမနေနိုင်၊ မပြီးနိုင်မစီးနိုင် သိုင်းလောက
ခလုတ်တစ်ချက်…အလျင်မပြတ် စီးဆင်းလျက်ရှိသော ဂီတ
ခလုတ်တစ်ချက်…ကလေးများအတွက် ကြောင်နဲ့ကြွက်
ခလုတ်တစ်ချက်…ပြောင်းလဲနေသော စတော့ရှယ်ရာ နံပါတ်များနှင့်အတူရင်ခုန်ခြင်း
ခလုတ်တစ်ချက်…သဘာဝတရားရဲ့ လျှို့ဝှက်ချက်၊ အသစ်တီထွင်ထားသော သိပ္ပံပညာ
ခလုတ်တစ်ချက်…ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ
ခလုတ်တစ်ချက်…ဟ ဟား ဟား ဟား ရယ်လိုက်ရတဲ့ ပြက်လုံးများ
ခလုတ်တစ်ချက်…လျှောက်လမ်းပေါ်မှာ လျှောက်လှမ်းနေတဲ့ ဖက်ရှင်ရေစီး
ခလုတ်တစ်ချက်…နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်
ခလုတ်တစ်ချက်…ဖြည်း…ဖြည်း…ဖြည်းဖြည်းပြော…နား နားပြီးပြော မောမယ်…။    

၂၀၁၀၊ အောက်တိုဘာ
(ပြုံးစရာ - ၂၀၁၂၊ အောက်တိုဘာ)









မှုခင်းဆရာဝန်လက်ထဲက ကင်မရာ


မှုခင်းဆရာဝန်လက်ထဲက ကင်မရာမှာ
လည်ပင်းကြိုးကွင်းတန်းလန်းပုံ လက်ဖျံအပ်တန်းလန်းပုံ ရင်ဘတ်ဓားတန်းလန်းပုံတွေပါတယ်
ချက်ကြိုးတန်းလန်းပုံ အရှက်ကြိုးတန်းလန်းပုံတွေပါတယ် ရေနစ်စိုရွှဲပုပ်ပွဖူးရောင်ဖောင်းကား
လောက်တမွှားမွှားပုံတွေပါတယ် သွေးဗွက်အိုင်ထဲမှောက်လျက်ပက်လက်ပုံတွေပါတယ် မိကျောင်းကိုက်ဆွဲ
ရိရွဲပဲ့ထွက်အသားတစ်ပုံတွေ မော်တော်ကားကြိတ်ဦးခေါင်းပိပြားငြိမ်ဝပ်ပုံတွေ ဂိုဒေါင်ပြိုကျအရိုးတစ်စစီ
ကျိုးကြေငေါထွက်ချိုင့်ဝင်ပုံတွေပါတယ် အရိုးတစ်ဝက်/အသားတစ်ဝက်ပုံတွေ ခေါင်းသွားတိုင်းကိုယ်မပါပုံ
တွေပါတယ် မီးကျွမ်းပြာကျအငွေ့ထောင်းထဘာဘီကျူးပုံတွေပါတယ် သွားတစ်ချောင်း
ပုဆိုးတစ်စ ဆံခြည်တစ်မျှင်ပုံတွေပါတယ် အဆိပ်ပုလင်းပုံ ဆေးပုလင်းပုံပါတယ် နှစ်လောင်းပြိုင်ပုံ
သုံးလောင်းပြိုင်ပုံပါတယ် ဦးနှောက်ပွင့်ထွက်နေပုံ ကလီစာပွင့်ထွက်နေပုံပါတယ် နားထင်ကိုတေ့ဖြုတ်ထားတဲ့ပုံ
နောက်ကျောကိုကပ်ထိုးထားတဲ့ပုံပါတယ် ဝတ်လစ်စလစ်ဂုဏ်သိက္ခာပါတယ် ထင်ရှားသည့်တက်တူးများပါတယ်
တွေဝေတွန့်ဆုတ်/ အားတင်းရှေ့တိုး/ တွေဝေတွန့်ဆုတ်/ အားတင်းရှေ့တိုး/
ဘရိတ်ဓားမွှန်း//////လက်ကောက်ဝတ်တွေပါတယ်
ကိုယ်ကကျူး ကိုယ့်ရှူးကိုယ်ပတ်မှုပါတယ်
ခုတွေ့ ခုရိုက် ခုယူ ခုဖျက် စက္ကန့်သုံးဆယ်ဒစ်ဂျစ်တယ်အမြန်ပါတယ်
အဲဒီအခန်းဖြတ်ပါတယ်
အကန့်အသတ်မရှိရပ်နားခြင်းပါတယ်
လိုတိုး(ဖိုတိုရှော့)ပါတယ်

မှုခင်းဆရာဝန်လက်ထဲက ကင်မရာမှာ
အသက်မရှိသေးတဲ့ သက်ရှိပုံတွေပါတယ်
အသက်မရှိတော့တဲ့ သက်ရှိပုံတွေပါတယ်

မှုခင်းဆရာဝန်လက်ထဲမှ ကင်မရာ၌
ဓာတ်ခဲအားနည်းလျက်ရှိကြောင်း

မှုခင်းဆရာဝန်လက်ထဲက ကင်မရာကို
ဆက်လက်အသုံးပြုရန်
အစီအစဉ် ရှိ
မရှိ

၂၀၁၂၊ သြဂုတ်။