Saturday, May 2, 2015

လေယာဉ်



လေယာဉ် - ၁
စင်္ကာပူစံတော်ချိန် ၄း၄၅
ဘန်ကောက်စံတော်ချိန် ၃း၅၀
လန်ဒန်စံတော်ချိန် ၈း၅၀
နျူးယောက်စံတော်ချိန် ၃း၅၀
မြန်မာစံတော်ချိန် ၃း၂၅

လေယာဉ် - ၂
ငါတို့မြို့လေးရဲ့လေဆိပ်မှာ လေယာဉ်မဆင်းခင်
သံချောင်းသုံးချက်ခေါက်လေ့ရှိတယ်
လေယာဉ်ပျံတက်သွားတာနဲ့ ပထမသံချောင်းစခေါက်
လမ်းတစ်ဝက်မှာ ဒုတိယသံချောင်း
နောက်ဆုံးသံချောင်းခေါက်သံပြီးတာနဲ့
ကွင်းထဲကိုလေယာဉ်ကြီးဆင်းလာ

ငါတို့ဟာ သံချောင်းသုံးချက်ခေါက်ပြီးတဲ့အထိ
ကွင်းထဲကိုဆင်းမလာနိုင်သေးတဲ့ လေယာဉ်များ

လေယာဉ် - ၃
သက်တမ်းကုန်ဆုံးခါနီးသက္ကရာဇ် လေယာဉ်ပေါ်တက်သွားတော့
လေယာဉ်တစ်စီးလုံး ဟက်ပီးနျူးယီးယားလို့ ဝိုင်းအော်ကြ
သက်တမ်းကုန်ဆုံးခါနီးသက္ကရာဇ် လေယာဉ်ပေါ်ကဆင်းလာတော့
လေဆိပ်တစ်ခုလုံး ဟက်ပီးနျူးယီးယားလို့ ဝိုင်းအော်ကြ
သက်တမ်းကုန်ဆုံးခါနီးသက္ကရာဇ်ဟာ တစ်မြို့တက်တစ်မြို့ဆင်း
လက်ပြနှုတ်ဆက်မြို့မေတ္တာခံယူ
ဟက်ပီးနျူးယီးယား!
သက်တမ်းကုန်ဆုံးခါနီးသက္ကရာဇ်ရဲ့
နောက်ဆုံးလက်ကျန်သက်တမ်းငွေ့ငွေ့
ဟက်ပီးနျူးယီးယား!
ဝိုင်းအော်ကြပေမယ့် မကုန်ဆုံးနိုင်သေး။

၂၀၁၄၊ ဒီဇင်ဘာ၊ ၃၀။

လေယာဉ် - ၎
အရေးပေါ်အခြေအနေမှာ
အရေးပေါ်အသက်ရှူကိရိယာတွေ
ဦးခေါင်းထက်ကကျလာလိမ့်မယ်
အာမင်

လေယာဉ် - ၅
လေယာဉ်ကငြိမ်နေတယ်၊ နောက်ခံ
ပိတ်ကားရွေ့နေတယ်။
(Cut!)
ပိတ်ကားပေါ်မှာ
လေယာဉ်ပျံနေတယ်။

လေယာဉ် - ၆
ပျံသန်းနေရင်း စက်ချို့ယွင်း
ပျံသန်းနေရင်း ပျက်ကျ
ပျံသန်းနေရင်း ပျောက်ဆုံး
ပျံသန်းနေရင်း ပစ်ချခံရ
ငါတို့ဟာ
ခရီးသည်တင်လေယာဉ်

လေယာဉ် - ၇
သင်၏ထိုင်ခုံအောက်တွင် အသက်ကယ်အင်္ကျီရှိသည်။
(အရေးပေါ်အခြေအနေမဟုတ်လျှင် ကိုင်ကြည့်ခြင်း၊ အိမ်သို့ယူဆောင်သွားခြင်းမပြုရ)

လေယာဉ် - ၈
ပြတင်းတစ်ဖက်ကိုထွင်းဖောက်ဝင်လာ
အခြားတစ်ဖက်ကပြန်ဖောက်ထွက်သွား နေရောင်ခြည်တန်း
ပြတင်းအားလုံးကိုထွင်းဖောက်ဝင်လာကြ
ပြတင်းအားလုံးကိုထွင်းဖောက်ပြန်ထွက်သွားကြ
နေရောင်ခြည်တန်းများ
ကြားမှာ အလင်းတစ်ကန့်
အမှောင်တစ်ကန့်ဖြတ်သန်းရင်း
ကော်ဖီလှည်းလေး တအီအီတွန်းလှိမ့်လာ
ကော်ဖီလား လက်ဖက်ရည်လား

လေယာဉ် - ၉
Candy?

တိုးလျလျအသံ မွှေးရှရှရနံ့
အေးမြမြအပြုံးကို သကြားလုံးတွေလို
ထိုင်ခုံတစ်လုံးချင်းစီမှာ ချထားပေးခဲ့ပြီး
လူသွားလမ်းအတိုင်း လှည်းလေးတွန်းရင်း
လေယာဉ်ခေါင်းခန်းကန့်လန့်ကာနောက်ကို
တစ်လှမ်းချင်းတိုးဝင်သွား။

ကျန်ရစ်ခဲ့တဲ့ လေယာဉ်နောက်ပိုင်းမှာ
လေဖိအားပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်
အူနေတဲ့နားတွေပွင့်သွားဖို့ သကြားလုံးငုံ
တံတွေးခဏခဏမြိုချ။

လေယာဉ် - ၁၀
နံရံကိုလက်သီးနဲ့ထိုးတယ် ခေါင်းနဲ့ဝင်ဆောင့်တယ်
ကိုယ်ခန္ဓာမှာ ဒိုင်းနမိုက်ချည်ပြီးဖောက်ခွဲတယ်
ကားဗုံးထောင်တယ်
လေယာဉ်နဲ့ဝင်တိုက်တယ်
ခါမိခါဇေ

လေယာဉ် - ၁၁
ကွန်ပျူတာစခရင်ပေါ်က
လေယာဉ်ပေါက်ကွဲမှုဗီဒီယို ကြည့်ရှုနေသူရဲ့နောက်မှာ
ဦးတည်ပျံသန်းလာတဲ့ ဘိုးရင်း ၇၄၇ ရဲ့လေကာမှန်နောက်မှာ
တုန်လှုပ်ချောက်ချားနေတဲ့ပိုင်းလော့ရဲ့နောက်မှာ
သေနတ်ထောက်ပြီးအမိန့်ပေးနေတဲ့ မျက်နှာဖုံးစွပ်ရဲ့
နောက်မှာ။

လေယာဉ် - ၁၂
အရေးပေါ်အခြေအနေ၌ သင်၏ထိုင်ခုံကူရှင်ကို
ရေပေါ်တွင်ပေါ်နိုင်ရန် အသုံးပြုပါ။

အရေးပေါ်အခြေအနေ၌ သင်၏ခန္ဓာကို
ရေပေါ်တွင်ပေါ်နိုင်ရန် အသုံးပြုပါ။

သင်၏ခန္ဓာအား ကျန်ရစ်သူများရှာဖွေတွေ့ရှိပါစေ
သင်၏ဝိညာဉ်တော်အား ဘုရားသခင်ရှာဖွေတွေ့ရှိပါစေ။

လေယာဉ် - ၁၃
ဘဲဥပုံမှန်ပြတင်းမှာ တရိပ်ရိပ်မြင့်တက်လာတဲ့ရေမျက်နှာပြင်
ဘဲဥပုံမှန်ပြတင်းမှာ အက်ကွဲကြောင်းကတိုးထွက်လာတဲ့လေပူဖောင်း
ဘဲဥပုံမှန်ပြတင်းမှာ အလင်းရောင်မမြင်ရ
ဘဲဥပုံမှန်ပြတင်းမှာ ကျင်လည်ကျက်စားနေတဲ့ငါးမန်းတစ်အုပ်
ဘဲဥပုံမှန်ပြတင်းမှာ တွယ်ကပ်ရှင်သန်နေတဲ့
ရေမှော်ပင်များ။

လေယာဉ် - ၁၄
ပျံနိုင်ဖို့အတွက်
အရင်ဆုံးပြေး။

လေယာဉ် - ၁၅
ငါတို့ကိုင်ဆောင်ထားတဲ့တက်ခွင့်လက်မှတ်တွေ
လေယာဉ်ပေါ်မတက်ခင် အမြဲတမ်းစုတ်ဖြဲခံကြရတယ်
ငါတို့ရဲ့တက်ခွင့်လက်မှတ်အပြဲပေါ်ကခုံနံပါတ်နဲ့
ငါတို့ထိုင်ရတဲ့ခုံနံပါတ်
အခုချိန်ထိ
ထပ်တူမကျ

လေယာဉ် - ၁၆
ငယ်ငယ်က လေယာဉ်စီးရင်
ပြတင်းပေါက်ဘေးကထိုင်ခုံမှာပဲ အမြဲထိုင်ချင်ခဲ့တယ်
အခု လေယာဉ်စီးရင်
ပြတင်းပေါက်နဲ့ဝေးတဲ့ထိုင်ခုံမှာပဲ ထိုင်ချင်တော့တယ်

လေယာဉ် - ၁၇
ရှေ့ဆုံးခုံတွေက ဗီအိုင်ပီအတွက်
အလယ်ပိုင်းလွတ်နေတဲ့ခုံတွေမှာ ဦးရာလူထိုင်
အရေးပေါ်ထွက်ပေါက်ဘေးခုံမှာ ကလေးမထိုင်ရ
လေယာဉ်အမြီးပိုင်းအိမ်သာနားက
နောက်ဆုံးခုံဟာ
ဂိုးရှိုး

လေယာဉ် - ၁၈
ချက်ကိုတိပ်နဲ့ပိတ်။ ဆေးပြားတွေကြိုသောက်။
အစာနည်းနည်းပဲစားခဲ့တယ်။ ဘုရားစာရွတ်ပြီးအာရုံပြောင်းတယ်။
ချိုချဉ်တွေတစ်လုံးပြီးတစ်လုံးငုံတယ်။
တောင့်မခံနိုင်တဲ့အဆုံး နီးရာကွင်းထိုးဆင်းပြီး
လူတွေကို ဝေါခနဲ အန်ထုတ်လိုက်တယ်။
ကြွပ်ကြွပ်အိတ်မြို့တော်။

လေယာဉ် - ၁၉
ရင်ခွင်ပိုက်ကလေးမဟုတ်လျှင်
လက်မှတ်ခအပြည့်ပေးချေရမည်

လေယာဉ် - ၂၀
ရောင်စုံမျက်လုံးပေါင်းများစွာ
ခန္ဓာကိုယ်အနှံ့တပ်ဆင် ကမ္ဘာ့အပြင်ထိပျံသန်း။

မီးကွင်းခုန်တဲ့ကျားတစ်ကောင်လို
စကြဝဠာတံခါးပေါက်တွေ တစ်ခုပြီးတစ်ခုဖြတ်သွားနေတဲ့
ငါတို့ရဲ့ပျောက်ဆုံးလေယာဉ်
အိမ်အမြန်ပြန်လာပါ။

လေယာဉ် - ၂၁
WHAT MEDIA SHOW :
အပြစ်သားတစ်ယောက်လို ကြိုးတုပ်ပြီး
မြို့လယ်လမ်းမတစ်လျှောက် တရွတ်တိုက်ဆွဲခေါ်လာ

WHAT PEOPLE THINK :
တောင်ပံတွေမီးတောက်တော့မယ် ပိတ်ဆို့တဲ့လေနီကြမ်း
အန္တရာယ်မုန်တိုင်းတွေနဲ့ ခရီးကြမ်းကိုငါဖြတ်သန်း*

WHAT REALLY IS :
ပန်းခြံမြက်ခင်းပြင်မှာ
ခြေကားယား လက်ကားယား
လိုးရှင်းလိမ်း ဝမ်းလျားမှောက်
နေစာလှုံ

*မျိုးကြီးသီချင်းစာသား

လေယာဉ် - ၂၂
အမြဲတမ်း ဦးထုပ်ဆောင်းတယ်
အမြဲတမ်း လက်ယာဘက်ကသွားတယ်
အမြဲတမ်း အချိုးအကွေ့မှာဟွန်းသံပေးတယ်
အမြဲတမ်း မီးအချက်ပြတယ်
တစ်ခါတလေ
လေယာဉ်နဲ့ဝင်တိုက်တယ်

လေယာဉ် - ၂၃
ငါတို့
အောက်မှာ တိမ်တိုက်တွေစီးဆင်းသွားကြ၊ တောင်တန်းတွေ
စီးဆင်းသွားကြ၊ မြို့ပြတွေစီးဆင်းသွားကြ၊ ပင်လယ်တွေ
စီးဆင်းသွားကြ၊
ပုစဉ်းကောင်တွေလို လေထုထဲပျံဝဲရပ်တန့်နေကြတာ
ငါတို့

လေယာဉ် - ၂၄
ခရီးဆောင်အိတ်စစ်ဆေးတဲ့
ဓာတ်မှန်စက်ကြီးရဲ့ရွေ့လျားလမ်းကြောင်းပေါ်မှာ
လေယာဉ်တွေ ဂျွမ်းထိုးမှောက်ခုံဖြစ်ပြီးပါလာကြ
ငါတို့
ကိုယ့်လေယာဉ်ကိုယ်ရွေးယူပြီး
ထွက်ခွာလာခဲ့ကြ

လေယာဉ် - ၂၅
ငါမရောက်ဖူးတဲ့မြို့မှာ
ငါမတွေ့ဖူးတဲ့လူတစ်ယောက်က
ငါမသိတဲ့နာမည်စာပြားကိုင်ဆောင်ထားပြီး
ငါ့ကိုကြိုဆို
ဟဲလို

လေယာဉ် - ၂၆
ခရီးသည်တစ်ယောက်အတွက်
ခွင့်ပြုအလေးချိန် နှစ်ဆယ်ကီလိုဂရမ်

ငါတို့ရဲ့နှစ်ဆယ်ကီလိုဂရမ်က
လက်တစ်ဆွဲစာ

သူတို့ရဲ့နှစ်ဆယ်ကီလိုဂရမ်က
လေယာဉ်တစ်စီးစာ

လေယာဉ် - ၂၇
လေယာဉ်ပေါ်မှာ မြွေတွေပါလာတဲ့ရုပ်ရှင်
လေယာဉ်ပေါ်မှာ တစ္ဆေတွေပါလာတဲ့ရုပ်ရှင်
လေယာဉ်ပေါ်မှာ အကြမ်းဖက်ပြန်ပေးတွေပါလာတဲ့ရုပ်ရှင်
လေယာဉ်ပေါ်မှာ ကူးစက်ရောဂါပိုးတွေပါလာတဲ့ရုပ်ရှင်
လေယာဉ်ပေါ်မှာ နျူးကလီးယားလက်နက်တွေပါလာတဲ့ရုပ်ရှင်
ခရီးစဉ်တစ်လျှောက် ကြိုက်နှစ်သက်ရာ
ကြည့်ရှုခံစားနိုင်ပါပြီ
သရီးဒီရုပ်ရှင်
လေယာဉ် - ၂၈
ငှက်တွေလိုကောင်းကင်ပေါ်ပျံနိုင်ဖို့ လူသားတွေဖန်ဆင်းနိုင်ခဲ့ကြတယ်
ပန်ကာတွေ။ အင်ဂျင်တွေ။ တောင်ပံတွေ။ ကတ္တရာပြေးလမ်းတွေ။
လေထီးတွေ။ အသက္ကယ္အက်ႌေတြ။
အချက်ပြမီးတွေ။ လေယာဉ်မယ်တွေ။
ဖန်ဆင်းခဲ့ကြတယ်။
ကောင်းကင်ပေါ်ကနေ အရေးပေါ်ဆင်းသက်ဖို့အတွက်
သဲသောင်တွေ။ လွင်ပြင်တွေ။ သမုဒ္ဒရာတွေ။
သဘာဝတရားကြီးက ကြိုကြိုတင်တင်
ဖန်ဆင်းပေးခဲ့တယ်။

လေယာဉ် - ၂၉
လေယာဉ်ရဲ့နှုတ်သီးက လေထုကိုထိုးခွင်းဖို့
လေယာဉ်ရဲ့တောင်ပံက လေဟုန်စီးပျံသန်းဖို့
လေယာဉ်ရဲ့အမြီးက ဦးတည်ရာထိန်းညှိပေးဖို့
လေယာဉ်ရဲ့ဘီးလုံးတွေက ပြေးလမ်းမှာအရှိန်ယူ/သပ်ဖို့
လေယာဉ်ရဲ့ဝမ်းဗိုက်က အရေးပေါ်ရှပ်ဆင်းနိုင်ဖို့
လေယာဉ်ရဲ့ပြတင်းပေါက်တွေက
ကျန်ရစ်သူများကိုလက်ပြနှုတ်ဆက်ဖို့

လေယာဉ် - ၃၀
သံချောင်းခေါက်သံများ အဆက်မပြတ်ထွက်လာ
လေယာဉ်တစ်စင်း ချောင်းတဟွပ်ဟွပ်ဆိုးရင်း
ကွင်းထဲအမောတကောထိုးဆင်း
မီးသတ်ကားနီနီ။ လူနာတင်ကားဖြူဖြူ။ ရဲကားပြာပြာ။
စစ်ကားစိမ်းစိမ်းနဲ့အခြားများစွာ မီးရောင်စုံဖွင့်ပြီး
လေယာဉ်နားကိုဝိုင်းလာကြ
တဟီးဟီးအော်ညည်းနေတဲ့လေယာဉ်က
တံခါးကိုညင်ညင်သာသာဖွင့်ချပေးလိုက်တယ်
ငါတို့ရဲ့ပျောက်ဆုံးလေယာဉ် ပြန်ရောက်လာခဲ့ပြီ
ငါတို့ရဲ့ပျောက်ဆုံးလေယာဉ် အမိမြေကိုပြန်ရောက်လာခဲ့ပြီ
ငါတို့ရဲ့ပျောက်ဆုံးလေယာဉ် ဒဏ်ရာဗရပွနဲ့ပြန်ရောက်လာခဲ့ပြီ
ငါတို့ရဲ့ပျောက်ဆုံးလေယာဉ်
ထိုင်ခုံအလွတ်တွေနဲ့ပြန်ရောက်လာခဲ့ပြီ

လင်းဇင်ယော်
IDEA Magazine - ၂၀၁၅၊ ဧပြီ။