Wednesday, October 16, 2013

အသံအိုး



သူက ရန်ကုန်မှာ တက္ကစီမောင်းတယ်။ ကားမောင်းနေရင်းကနေ ရုတ်တရက်အသံဝင်သွားပေမယ့် ပြန်ကောင်းသွားမှာပါ ဆိုပြီး ပေတေပြီးနေခဲ့တာ တစ်နှစ်တိတိကြာသွားတယ်။ နောက်တော့မှ လည်ချောင်းထဲ တစ်ဆို့ဆို့ကြီးဖြစ်လာပြီး အသက် ရှူမရဘဲပိတ်လာလို့ ဆေးရုံရောက်ပြီး အရေးပေါ်လေပြွန်ဖောက်လိုက်ရတယ်။ ဆေးရုံမှာ ရောဂါရှာဖွေကြတော့ အသံအိုး ကင်ဆာဆိုတာကို တွေ့ရှိသွားကြတယ်။ ကင်ဆာမှန်းသိလိုက်ရတော့ အသံဝင်နေရာကနေ စိတ်ဓာတ်တွေပါတိမ်ဝင်သွား ပြီး ဆက်မကုတော့ဘူး၊ အိမ်ပြန်သေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မိဘတွေ၊ ညီမတွေရှိရာ ကိုယ့်ဇာတိမြို့ကိုယ် ပြန်ရောက် လာတော့ ဆေးရုံနဲ့အဆက်အစပ်ရှိတဲ့ညီမတစ်ယောက်က ဒီမြို့ကိုရောက်နေတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး နဲ့ ပြပေးဖို့ကြိုးစားတယ်။ လူနာက အစပိုင်းတော့ မပြချင်ဘူး၊ တရားပဲအားထုတ်တော့မယ်လို့ ခေါင်းခါပေမယ့် ညီမတွေက တဂျီဂျီ တိုက်တွန်းပါများတော့ ဆေးရုံပါလာတယ်။ ဆရာကြီးနဲ့တွေ့တော့ လူနာက သူ့လည်ပင်းမှာဖောက်ထားတဲ့ ကြေး လေပြွန်ပေါက်လေးကို လက်ညှိုးနဲ့ပိတ်ပိတ်ပြီး လေသံအက်အက်နဲ့ ရောဂါရာဇဝင်အကြောင်းပြောပြတယ်။ ရန်ကုန်နေပူပူ မှာ တက္ကစီမောင်းရင်း ရေခဲရေတွေသောက်လိုက်၊ ကော်ဖီပူပူ၊ လက်ဘက်ရည်ပူပူတွေကို အအေးမခံနိုင်ပဲ အမြန်မော့လိုက် နဲ့ ပူလိုက်အေးလိုက်ဖြစ်နေရာက ကြာလာတော့ ကျွန်တော်လည်ချောင်းလည်း ကားအိတ်ဇောလိုပဲ အသံမထွက်နိုင်တော့ ဘူးဆရာတဲ့။ မော်တော်ကားဆရာက မော်တော်ကားဥပမာနဲ့ ပြောပြတယ်။ စီးကရက်ကလည်း တစ်လိပ်ပြီးတစ်လိပ် သောက်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပေါ့တဲ့။ ဆရာကြီးက သူပြောတာနားထောင်ရင်း လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ် ကြည့်ပြီးတော့ ခင်ဗျားရောဂါ ခွဲစိတ်ကုသလို့ရပါသေးတယ်၊ မသေနိုင်သေးပါဘူးတဲ့။ လည်ပင်းမှာလည်း ကင်ဆာပြန့်တဲ့ အကြိတ်တွေ မတွေ့သေးတော့ ခွဲစိတ်ပြီးရလဒ်ကလည်း အကောင်းဘက်မှာရှိနေပါတယ်တဲ့။ အဲတော့ လူနာက ဒါဆိုလည်း ခွဲပါ့မယ်လို့ ချက်ချင်းသဘောတူတော့ ခွဲစိတ်မှုဒဏ် ခံနိုင်၊ မခံနိုင်သိနိုင်ဖို့အတွက် သွေးစစ်၊ ဓာတ်မှန်ရိုက်၊ အီးစီဂျီဆွဲ လိုအပ်တာတွေဆက်လုပ်ကြတယ်။ အားလုံးစစ်ဆေးပြီးတဲ့အချိန်လောက်မှာပဲ ဆရာကြီးလည်း အရေးပေါ်ကိစ္စတစ်ခုပေါ် လာလို့ ခရီးထွက်သွားတာ နှစ်ပတ်လောက်ကြာသွားတယ်။ ခရီးသွားခါနီး လက်ထောက်ကို သေသေချာချာ မှာသွားတယ်။ အဲဒီလူနာလာရင် ခွဲမယ့်ရက်ချိန်းကြိုပေးထားလိုက်တဲ့။ လက်ထောက်လည်း ဟုတ်ကဲ့ဆရာဆိုပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေ မယ့် ဆရာကြီးမရှိတော့ လူနာလည်း ရောက်မလာဘူး။ ဆရာကြီးပြန်လာမှပဲ ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ဆရာကြီးက ခွဲဖို့စိတ်ဖို့စပြင်တယ်။ ဒါပေမယ့် လောလောဆယ် မေ့ဆေးဆရာဝန်ကြီးတစ်ယောက်ပဲရှိနေတော့ မေဂျာကေ့စ် တစ်ခုလုပ်ချင်လို့၊ မေ့ဆေးက လက်ခံနိုင်သလားဆိုတာကို လက်ထောက်က အရင်သွားမေးရတယ်။ မေ့ဆေးက ဘယ်နှ နာရီကြာမယ့် အော်ပရေးရှင်းလဲတဲ့။ ခြောက်နာရီကနေ ရှစ်နာရီအထိကြာနိုင်ပါတယ်အစ်မဆိုတော့ လူနာက ဘယ်အရွယ် လဲတဲ့၊ တောင့်တောင့်တင်းတင်းပဲလားတဲ့။ ဟုတ်ကဲ့၊ ငါးဆယ်ဝန်းကျင်ပါ၊ သန်သန်မာမာ တောင့်တောင့်တင်းတင်းပါပဲ အစ်မလို့ လက်ထောက်က ပြန်ဖြေတယ်။ ကဲ၊ ဒါဆိုလည်း လုပ်ကြတာပေါ့၊ လူနာလည်း စောင့်ရတာကြာနေပြီတဲ့။ မေ့ဆေးက လက်ခံတဲ့အကြောင်း ဆရာကြီးကိုပြန်ပြောပြတော့ ဟုတ်လား၊ ဒါဆိုလည်း ချကွာတဲ့။

မခွဲစိတ်ခင်တစ်ရက်အလိုမှာ လူနာက ညအိပ်မပျော်တဲ့အကြောင်းပြောတော့ ဆရာကြီးက ဒါဆို ဆရာစိတ်ဆီ မြန်မြန်ခေါ် သွားတဲ့။ ဒါမျိုးက ဆရာစိတ်ကူညီမှရမှာတဲ့။ ဆရာစိတ်ဆီရောက်တော့ သူကလူနာကိုမေးမြန်းပြီး ညအိပ်ခါနီး တစ်လုံး သောက်ဖို့၊ တစ်ခြမ်းသောက်ဖို့၊ တစ်စိတ်သောက်ဖို့ဆိုပြီး ဆေးလုံးသေးသေးလေးတွေ ပေးလိုက်တယ်။ လူနာကိုလည်း စိတ်အေးအေးထား၊ ဆရာကြီးက လက်အရမ်းကောင်းတာ ဆိုပြီးတော့လည်း အားပေးစကားပြောလိုက်သေးတယ်။ ခွဲမယ့် နေ့မနက်မှာတော့ လူနာရဲ့မျက်နှာလန်းဆန်းနေတယ်။ ညက ကောင်းကောင်းအိပ်ပျော်ထားတဲ့ပုံပဲ။ သိပ်မကြာခင်မှာပဲ လူနာကို ဆီမဝလို့တကျွီကျွီမြည်နေတဲ့ ထရော်လီပေါ်တင်ပြီး ခွဲစိတ်ခန်းတံခါးဝဆီကို တွန်းခေါ်သွားကြတယ်။ အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ ခွဲခန်းဆရာမတစ်ယာက်က တံခါးဖွင့်ပေးလိုက်ပြီး လူနာကိုလည်း ခွဲစိတ်ခန်းထဲကိုခေါ်သွားတယ်။ ခွဲစိတ် ခုတင်ပေါ်ကို လူနာတက်အိပ်နေတဲ့အချိန်မှာတော့ စောစောကခေါ်ဆောင်လာပေးတဲ့ ဆရာမကလွဲပြီး ဘယ်သူမှမရောက် ကြသေးဘူး။ ခွဲခန်းထဲမှာတော့ လေအေးပေးစက်ကြောင့် အေးစိမ့်နေတယ်။ သွေးခုန်နှုန်းတိုင်းတဲ့ စက်ရဲ့ တောက်၊ တောက်၊ တောက်၊ တောက် မြည်သံကလည်း တစ်မျိုးတစ်မြည် စိတ်ခြောက်ခြားစေတယ်။ ခဏနေတော့ လူနာက ချမ်းတယ်ပြောတာကြောင့် ဆရာမက စောင်တစ်ထည်ယူပြီး လာခြုံပေးထားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ခွဲစိတ်ခန်း ထဲမှာ လူစုံတက်စုံဖြစ်သွားကြပြီး ရွက်ကုန်လွှင့်ကြဖို့ပဲကျန်တော့တယ်။ ဆရာ၊ မေ့ဆေးကို ဘယ်အပေါက်ကပေးပေးရ မလဲတဲ့။ မေ့ဆေးဆရာဝန်ကြီးက ဆရာကြီးကိုမေးတယ်။ လူနာရဲ့လည်ပင်းက အရေးပေါ်လေပြွန်ဖောက်ထားတဲ့ အပေါက် ကပေးရမလား၊ ခါတိုင်းလိုပဲ ပါးစပ်ထဲကနေ ပိုက်ထည့်ပြီးပေးရမလားဆိုတာ။ ခွဲစိတ်မှုက လည်ပင်းမှာလုပ်မှာဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ပါးစပ်ကနေပဲပေးပေးပါလို့ဆရာကြီးက ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ မေ့ဆေးဆရာဝန်ကြီး လည်း လူနာရဲ့ခေါင်းရင်းမှာရပ်ပြီး နှာခေါင်းနဲ့ပါးစပ်ကို မေးဆေးပေးတဲ့အုပ်ဆောင်းနဲ့အုပ်လိုက်တယ်။ ပြီးတော့ မေ့ဆေး အငွေ့တွေကို ရှူးခနဲလွှတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း လူနာကို မေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးပေးနေတယ်။ အစ ပိုင်းမှာ မှန်မှန်ကန်ကန်ပြန်ဖြေနိုင်ပေမယ့် နောက်ပိုင်းကျတော့ လူနာနဲ့အဖြေတွေက တစ်ခုထက်တစ်ခုပိုပြီးတော့ လေးကန် နှေးကွေးလာပြီး နောက်ဆုံးမှာ ဘာမှပြန်မဖြေနိုင်တော့ဘဲ ငြိမ်သွားတယ်။ အဲတော့မှ မေ့ဆေးဆရာဝန်ကြီးလည်း လူနာရဲ့ ခေါင်းကိုမော့တင်လိုက်ပြီး မီးသီးလေးပါတဲ့ ငှက်နုတ်သီးလိုကိရိယာလေးနဲ့ လည်ချောင်းထဲကို ထိုးချိတ်မတင်လိုက်တယ်။ လည်ချောင်းထဲချောင်းကြည့်လိုက်တော့ အသံကြိုးတစ်ဖက်မှာ ကင်ဆာအလုံးတစ်ခုရှိနေတာ တွေ့လိုက်ရတယ်။ အသက် ရှူပိုက်ကို အဲဒီကင်ဆာအလုံးနဲ့ တတ်နိုင်သမျှ မထိခိုက်မိအောင်ထိန်းပြီးတော့ ဖြည်းဖြည်းချင်းထိုးထည့်လိုက်တယ်။ ပြီးတော့ လက်ထဲမှာကိုင်ထားတဲ့ အောက်ဆီဂျင်ဘောလုံးကို လေဖြည့်သွင်းပြီး နားကြပ်တစ်ခုနဲ့ အဆုတ်နှစ်ဖက်ထဲ လေဝင်မှုရှိမရှိ၊ လေဝင်တာညီမညီ နားထောင်နေတယ်။ ဘယ်ဘက်အဆုတ်ထဲ လေဝင်တာနည်းနေသလိုပဲ၊ ဆရာ နည်းနည်းနားထောင်ကြည့်ပါဦးဆိုပြီး ဆရာကြီးကို နားကြပ်ပေးလိုက်တယ်။ ဆရာကြီးလည်း နားကြပ်ယူပြီးတော့ ရင်ဘတ် တစ်ဖက်စီကိုထောက်ကြည့်ပြီး နားထောင်လိုက်တယ်။ ပြီးတော့ ဟုတ်တယ်အစ်မ၊ ဘယ်ဘက်မှာ လေဝင်တာနည်းနည်း လျော့နေတယ်လို့ပြောပြီး နားကြပ်ပြန်ပေးလိုက်တယ်။ အဲဒါနဲ့ မေ့ဆေးဆရာဝန်ကြီးလည်း လူနာရဲ့လည်ချောင်းထဲ ထိုးထည့်ထားတဲ့ အသက်ရှူပိုက်ကို အပေါ်နည်းနည်းပြန်ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ပြန်နားထောင်တယ်။ သိပ်မကြိုက် သေးဘူးဆိုပြီး အနေအထားနည်းနည်းထပ်ပြင်တယ်။ သေချာအောင် ဆရာကြီးကိုလည်း နားထောင်ခိုင်းသေးတယ်။ အော်ပရေးရှင်းက မေဂျာလည်းဖြစ်တယ်။ အချိန်လည်းကြာမယ်ဆိုတော့ အစကတည်းက အစစအရာရာ သေချာနေဖို့ အရေးကြီးတယ်။ လမ်းတစ်ဝက်ကျမှ အသည်းအသန်ပြန်လိုက်လုပ်ရတာတွေဟာ လူနာအတွက်ရော၊ ဆရာဝန်အတွက်ပါ စိတ်ဖိစီးမှုများမှန်း အတွေ့အကြုံတွေကသင်ကြားထားလို့ စလုံးရေစကတည်းက သေချာအောင်ဂရုစိုက်နေကြတယ်။ အသက်ရှူပိုက်ကိစ္စ အဆင်ပြေသွားတော့ ဆရာကြီးက လူနာကိုပုခုံးကနေဆွဲမပြီး ကျောအောက်မှာသဲအိတ်ခုလိုက်တယ်။ ခေါင်းအောက်မှာလည်း လှုပ်ရှားမှုမရှိအောင် ခေါင်းခုတစ်ခုခံထားလိုက်ပြီး လိုချင်တဲ့အနေအထားရအောင် ပြင်နေတယ်။ ဆရာကြီးကလူနာရဲ့ဦးခေါင်းပိုင်းကို ပြင်ဆင်နေတဲ့တစ်ချိန်တည်းမှာပဲ ဆရာမတွေကလည်း လူနာကို ဆီးပိုက်တပ်ပေးနေ ကြတယ်။ ဆီးပိုက်ကရှောရှောရှူရှူဝင်သွားပေမယ့် ဆီးမထွက်လာသေးလို့ ခဏစောင့်နေရသေးတယ်။ ဆီးပိုက်ထည့်တဲ့ ဆရာမလေးလည်း သူထည့်လိုက်တာ နေရာများမှားဝင်သွားလားဆိုပြီး ရုတ်တရက် စိတ်ပူသွားတယ်။ ဒါပေမယ့် ဒီ တစ်ပေါက်တည်းပဲရှိတာ၊ မှားနိုင်စရာမရှိပါဘူးဆိုတာကို စဉ်းစားမိတော့မှ စိတ်ချလက်ချစောင့်နေလိုက်တယ်။ မကြာခင် ဆီးပိုက်ထဲကို ကောက်ရိုးနုရောင်ဆီးရည်တွေ ကြည်ကြည်လင်လင်စီးဆင်းလာတော့မှပဲ အားလုံး ပြုံးပျော်သွားတော့တယ်။ အော်ပရေးရှင်းကြာမယ်ဆိုတော့ ဆီးပိုက်တပ်ထားဖို့လိုတယ်။ ပြီးတော့ ဆီးအိတ်ထဲမှာရှိတဲ့ ဆီး ပမာဏကိုကြည့်ပြီး လူနာ ရဲ့အခြေအနေကို ခန့်မှန်းတွက်ဆကြည့်နိုင်တယ်။ သွေးထွက်များရင် ကျောက်ကပ်ရုတ်တရက် ပျက်စီးသွားပြီး ဆီးထွက် နည်းသွားတတ်တယ်။ ခြေထောက်မှာထိုးထားတဲ့ ဆေးပိုက်တွေမှာလည်း ဆေးပုံမှန်ဆင်းနေသလား၊ ဆေးပိုက်ပိတ်နေ သလား၊ ဆေးစက်ကျရဲ့လား စစ်ကြည့်ကြတယ်။ အပေါ်ပိုင်းရော၊ အောက်ပိုင်းရော အားလုံးအိုကေပြီဆိုတော့မှ လက်ထောက်က ခွဲစိတ်မယ့်လည်ပင်းတစ်ဝိုက်ကို ရေစဆေးတယ်။ ဆရာကြီးက နားရွက်နောက်တွေကိုပါ ပြောင်အောင် ဆေးလို့ညွှန်ကြားပြီး ဘေစင်မှာလက်သွားဆေးနေတယ်။

ဆရာကြီးလက်ဆေးနေတုန်း လက်ထောက်က ပိုးသတ်ထားတဲ့ပုဝါနဲ့ လူနာရဲ့ခေါင်းကို ခပ်ကြပ်ကြပ်လုံအောင်ထုပ်လိုက် တယ်။ ပြီးတော့ ခွဲမယ့်လည်ပင်းတစ်ဝိုက်ကိုပဲ ချန်ထားခဲ့ပြီး ကျန်တဲ့အစိတ်အပိုင်းတွေအကုန်လုံးကိုလည်း ပုဝါနဲ့အုပ်ခင်း လိုက်တယ်။ ဆရာကြီးလာတော့ ခွဲမယ့်လမ်းကြောင်းတစ်လျှောက်ကို ဆေးပြာနဲ့တို့ပြီးတော့ မှတ်သားလိုက်တယ်။ ညာဘက်နားရွက်နောက်နားကနေ လည်ဇလုတ်အောက်ဘက်ကို ဝိုက်ဆင်းလာပြီး ဘယ်ဘက်နားရွက်နောက်ကို ပြန် တက်သွားတယ်။ ဆရာ၊ ဒါ ဘာအင်စီရှင်လဲလို့ လက်ထောက်ကမေးတော့ အေပရွန်အင်စီရှင်လို့ပြောပြီး ဆေးပြာဆွဲထား တဲ့ လမ်းကြောင်းတစ်လျှောက် သွေးထွက်နည်းအောင် ထုံဆေးရည်တွေ ထိုးထည့်လိုက်တယ်။ ပြီးတော့ မီးချိန်ခိုင်းလိုက် တယ်။ ပြီးတော့မှ လျာထားတဲ့လမ်းကြောင်းအတိုင်း လျှပ်စစ်ဓားနဲ့ ဖျစ်ဖျစ်ဖျစ်ဖျစ်ဆိုပြီး ခွဲချလိုက်တယ်။ ခွဲခန်းထဲမှာ ညှော်နံ့တွေလှိုင်သွားတယ်။ ညာဖက်ကို အရင်ရှင်းမယ်၊ ပြီးတော့မှ ဘယ်ဖက်ဆက်ရှင်းမယ်တဲ့။ ဆရာကြီးက ခွဲနေရင်းပြော လိုက်တယ်။ အရေပြား၊ အဆီပြင်၊ အမြေးပါး၊ ကြွက်သား တစ်လွှာပြီးတစ်လွှာရှင်းပြီးသွားတော့ လည်ပင်းဘေးမှာရှိတဲ့ သွေးလွှတ်ကြောကြီးနဲ့ သွေးပြန်ကြောကြီးနှစ်ချောင်း ထင်းခနဲ လင်းခနဲ ပေါ်လာတော့တယ်။ သွေးပြန်ကြောကြီးထဲမှာ သွေးတွေလှည့်ပတ်စီးဆင်းနေတာကိုလည်း အတိုင်းသားမြင်နေရတယ်။ ဆရာ၊ ဒီပေးရှင့်က လည်ပင်းအကြိတ်တွေ မရှိ သေးဘူးလားလို့ မေ့ဆေးဆရာဝန်ကြီးကမေးတော့ ဟုတ်တယ်အစ်မ၊ မရှိသေးဘူး၊ အကြိတ်ရှိနေရင်လည်း သူ့ရဲ့ ပြန် ကောင်းနိုင်ခြေက တစ်ဝက်လောက်လျော့သွားတယ်လို့ ဆရာကြီးကပြန်ဖြေရင်း လည်ပင်းသွေးပြန်ကြောကြီးကနေ ခွဲထွက် လာတဲ့ သွေးကြောတွေကို ညှပ်အသေးလေးတွေနဲ့ညှပ်ပြီး ဖြတ်တောက်ချည်နှောင်နေတယ်။ သွေးကြောတွေက ပါးလွှာ နူးညံ့လွန်းတော့ အငြင်သာဆုံးကိုင်တွယ်နေရတယ်။ အဲဒီလို ချည်နေတုန်းမှာပဲ သွေးကြောတစ်ခုက ရုတ်တရက် ပြဲထွက် ပြီး သွေးတွေဟောခနဲ အိုင်ထွန်းသွားတယ်။ လက်ထောက်က ချက်ချင်းပဲ လက်ညှိုးနဲ့ထိုးပိတ်လိုက်တယ်။ ဆရာကြီးက ထွက်လာတဲ့သွေးတွေကို ဂွမ်းပုဝါစတစ်ခုနဲ့သုတ်ပစ်ပြီး သွေးထွက်တဲ့နေရာကိုလိုက်ရှာတယ်။ လက်ညှိုးနဲ့ထိုးပိတ်ထားတဲ့ နေရာက သိပ်မလုံသေးပဲ သွေးနည်းနည်းယိုနေသေးလို့ ဆရာကြီးက နေရာနည်းနည်းရွှေ့ပြီး ပြန်ပိတ်ခိုင်းလိုက်တယ်။ အဲဒီ အချိန်မှာပဲ ရုတ်တရက်မီးပျက်သွားပြီး ခွဲစိတ်ခန်းတစ်ခုလုံး မှောင်မဲဆူညံသွားတော့တယ်။ ခွဲစိတ်ခန်းထဲက အခြားခွဲစိတ် ခန်းငယ်လေးတွေထဲမှာ ခွဲစိတ်နေကြတဲ့ အရိုးအကြောအဖွဲ့နဲ့ ဗိုက်ခွဲအဖွဲ့တို့ရဲ့ အလင်းရောင်ပျောက်ဆုံးသွားလို့ အော်ဟစ် နေတဲ့အသံကိုလည်း အတိုင်းသားကြားနေရတယ်။ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အလင်းရောင်ကို အယ်လ်အီးဒီဓာတ်မီး တွေနဲ့ ချက်ချင်းအစားပြန်ထိုးလိုက်ကြတယ်။ ခွဲစိတ်ခန်းတာဝန်ခံမေ့ဆေးဆရာဝန်ကြီးက ချက်ချင်းမီးစက်နှိုးခိုင်းနေတယ်။ အီးပီစီကိုလည်း ချက်ချင်းဖုန်းဆက်အကြောင်းကြားခိုင်းနေတယ်။ ခဏနေတော့ တယ်လီဖုန်းက အကြောင်းပြန်လာတယ်။ မီးစက်က ဘက်ထရီအားကုန်နေလို့ ဘက်ထရီအိုးသွားငှားနေတယ်တဲ့။ အီးပီစီကလည်း ဘုန်းကြီးပျံပွဲလှည့်နေတာ ဓာတ် ကြိုးနဲ့မလွတ်လို့ မီးဖြတ်ထားတယ်ဆိုပြီး ဖုန်းချသွားတယ်တဲ့။ ဘယ်လိုပဲပြန်ခေါ်ခေါ် ဖုန်းကိုင်မယ့်သူ မရှိဘူးတဲ့။ ဒီလိုအခြေ အနေမျိုးမှာ မေ့ဆေးဆရာဝန်ကြီးကရော မီးမြန်မြန်ပြန်လာအောင်ဆုတောင်းနေရုံကလွဲပြီး ဘာများတတ်နိုင်ပါဦးမည်နည်း ပေါ့။ ခွဲစိတ်ခန်းထဲက အလင်းရောင်ပျောက်ဆုံးသူများကွန်ယက်အဖွဲ့ကလည်း မိတ်အင်ချိုင်းနား အယ်လ်အီးဒီဓာတ်မီးတွေ နဲ့ ဆက်လက်ချီတက်ရုံမှလွဲ၍ ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့။ အော်ပရေးရှင်းတွေက ရပ်ထားလို့မှမရတာ။

ဆရာကြီးကတော့ စိတ်ကုန်တယ်လို့တစ်ခွန်းပြောပြီး ခွဲစိတ်စရာရှိတာ ဆက်ခွဲနေတယ်။ စောစောက သွေးထွက်နေတဲ့ သွေးကြောရဲ့ အရင်းအမြစ်နေရာတွေကိုရှာဖွေပြီး ချည်နှောင်ဖြတ်တောက်လိုက်တယ်။ ထွက်လာတဲ့သွေးတွေကိုလည်း စုပ် စက်နဲ့စုပ်လို့ ယောင်ပြီးတော့ပြောနေသေးတယ်။ ဆရာကြီး မီးမလာသေးဘူးဆိုတော့မှ သြော်၊ ဟုတ်သားပဲဆိုပြီး ဂွမ်းပုဝါနဲ့ အသာအယာသုတ်ခိုင်းလိုက်တယ်။ ပြီးတော့ အသံအိုး၊ လေပြွန်နဲ့ သိုင်းရွိုက်အကြိတ်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြော မှန်သမျှကို ဖြတ်တောက်ပစ်လိုက်တယ်။ မလိုအပ်တော့တဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေကိုလည်း ဖြတ်ပစ်လိုက် တယ်။ ဒါပေမယ့် အရေးကြီးတဲ့ မေးရိုးအောက်နားက အာရုံကြောတစ်ချောင်းကိုတော့ မရမကလိုက်ရှာပြီး သေသေချာချာ ချန်ရစ်ထားခဲ့လိုက်တယ်။ အဲဒါ၊ ဟိုက်ပိုဂလော့ဆယ်နာ့ဗ်၊ ဖြတ်မိသွားရင်မလွယ်ဘူး၊ ခွဲပြီးမှ လျှာလှုပ်လို့မရ၊ လျှာသိမ်းလို့ မရဘဲ အစာမြိုချရခက်ပြီး ဒုက္ခရောက်နေလိမ့်မယ်လို့လည်း ပြောနေသေးတယ်။ တကယ်ဆို ဒါတွေက ဘိုင်ပိုလာလေးနဲ့ ရွှိ ရွှိ ဆိုပြီးတော့ ပြီးသွားရမှာ၊ အခုတော့ မလိုအပ်ဘဲနဲ့ ကြန့်ကြာကုန်ပြီလို့ ညည်းပြောပြောရင်း သွေးကြောတွေကို ညှပ်လိုက်၊ ဖြတ်လိုက်၊ ချည်လိုက် လုပ်နေတယ်။ လည်ပင်းရဲ့ညာဖက် တစ်ခြမ်းရှင်းပြီးသွားတဲ့အချိန်ကျမှပဲ လျှပ်စစ်မီးက ဖြန်းခနဲ ပြန် လင်းလာတယ်။ ခွဲစိတ်ခန်းတစ်ခုလုံး ချက်ချင်းနတ်ပြည်ရောက်သွားသလို လင်းလက်တောက်ပသွားတယ်။ ဆရာကြီးက ဘယ်ဘက်လည်ပင်းကိုဆက်ရှင်းဖို့ လူနာရဲ့ဦးခေါင်းကို လှည့်နေတဲ့အချိန်မှာ ခွဲစိတ်ကိရိယာပေးတဲ့ဆရာမက ဆရာကြီး၊ လူလဲလိုက်တော့မယ်လို့ပြောလိုက်တယ်။ ဆရာကြီးက အေး၊ အေး လို့ပြောပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တယ်။ ဆရာမအသစ်ဝင်လာတော့ ဆရာကြီးက ဘယ်ဘက်လည်ပင်းကို ညာဖက်လည်ပင်းတုန်းကလိုပဲ ခွဲချလိုက်ပြီး ရှင်းလင်း ဖြတ်တောက်နေတယ်။ စောစောကလိုပဲ သွေးကြောကြီးတွေ ဘွားခနဲ ထောင်လာတယ်။ စောစောကလိုပဲ သတိကြီးစွာနဲ့ ကိုင်တွယ်နေရတယ်။ ဒါပေမယ့် စောစောကလိုတော့ မီးမပျက်တော့ဘူး၊ သွေးမထွက်တော့ဘူး။ လည်ပင်းသွေးကြောမ ကြီးတွေကို ရှောင်ကွင်းဖြတ်တောက်နေရတာကို ကြည့်နေရတာ ဓားသွားပေါ်မှာ ခြေဗလာနဲ့လမ်းလျှောက်နေရသလိုပဲ။ ဒီတစ်ခါ လျှပ်စစ်မီးက အနှောင့်အယှက်မပေးတော့ ဘယ်ဘက်လည်ပင်းခွဲစိတ်မှုဟာ ညာဖက်လောက်မကြန့်ကြာတော့ ဘူး။ ဒါပေမယ့် ဟိုက်ပိုဂလော့ဆယ် ရှာဖို့ကျန်နေသေးတယ်။ မေးရိုးအောက်နားမှာ အာရုံကြောဖြူဖြူတစ်ချောင်းတွေ့ တယ်။ ဆရာကြီးက အဲဒီအာရုံကြောကို ဖြတ်မယ်လုပ်ပြီးမှ သေချာအောင် နည်းနည်းထပ်ပြီးရှင်းကြည့်လိုက်တယ်။ ရှင်းနေ ရင်းကနေ အမယ်လေး၊ တော်သေးတယ်တဲ့။ ငါ တွယ်မိတော့မလို့တဲ့။ ပုံမှန်ဆို ဒီကောင်က ဒီနေရာမှာမရှိတတ်ဘူးတဲ့။ ချန်ရမယ့်အစိတ်အပိုင်းတွေချန်၊ ဖြတ်တောက်ရမယ့်အစိတ်အပိုင်းတွေ ဖြတ်တောက်ပြီးသွားတဲ့အခါမှာတော့ ပြဿနာ အရင်းအမြစ်ဖြစ်တဲ့ အလယ်ကအသံအိုးကြီးတစ်ခုလုံး လှီးထုတ်ပစ်ဖို့ပဲကျန်တော့တယ်။ ဆရာကြီးက သိုင်းရွိုက်လေးနည်း နည်းချန်ခဲ့မယ်ဆိုပြီး သိုင်းရွိုက်ဂလင်းတစ်ခုလုံးမထုတ်ပစ်ဘဲ လက်တစ်ဆစ်စာလောက်ချန်ခဲ့ပြီး မုန့်ဖက်ထုပ်လို ချုပ်ပေး ထားခဲ့လိုက်တယ်။

ပြီးတော့ လည်ပင်းအလယ်က အတက်လေးခုပါတဲ့ဟိုက်ရွိုက်အရိုးကို လျှပ်စစ်ဓားနဲ့ခွဲစိတ်ကလော်ထုတ်နေတယ်။ ဟိုက် ရွိုက်အရိုးဖြူဖြူလေးပေါ်လာတော့ သူ့အောက်မှာကပ်လျက်ရှိနေတဲ့ လည်ဇလုတ်သိုင်းရွိုက်အရိုးကို ဆက်ပြီးတော့ခွာ တယ်။ အရင်ဆုံး လည်ဇလုတ်ရိုးမှာကပ်နေတဲ့ ကြွက်သားအကြွင်းအကျန်တွေကို လျှပ်စစ်ဓားနဲ့ပြောင်အောင်ခြစ်ထုတ်ပစ် လိုက်တယ်။ အသားစတွေမီးတူးပြီး မီးခိုးလုံးတွေအလိပ်လိုက်တက်လာတယ်။ လက်ထောက်က မီးခိုးငွေ့တွေဖုံးသွားတဲ့ အော်ပရေးရှင်းမြင်ကွင်းရှင်းသွားအောင်  စုပ်စက်နဲ့စုပ်ထုတ်လိုက်တယ်။ ဆရာကြီးက လည်ဇလုတ်ရိုးကို ငါးပါးဟက်ခွာ သလို လျှပ်စစ်ဓားနဲ့ ဘေးကခွာလိုက်၊ အောက်ကပတ်ခွာလိုက်နဲ့ အသာအယာ ဆွဲခွာဖြတ်ထုတ်နေတယ်။ အသွားနှစ်ခု ပါတဲ့ လျှပ်စစ်ဓားနှစ်ချောင်းကို တစ်ချောင်းညစ်ပတ်ရင် နောက်တစ်ချောင်းနဲ့ အလဲအဖယ်လုပ်ရင်း ဇွဲကောင်းကောင်းနဲ့ ဆက်ခွဲနေတယ်။ ခွဲခန်းအကူဆရာမလည်း ဓားသွားမှာချိုးတူးပြီးကပ်နေတာတွေကို ဂွမ်းစနဲ့သန့်ရှင်းရေးလုပ်ပေးနေရတာ လက်မလည်နိုင်ဘူး။ ဆရာကြီးကတော့ ပြောင်အောင်သုတ်ဆိုပြီး ဆက်ခွဲလာလိုက်တာ ခွဲစိတ်ချိန်ဟာ လေးနာရီကျော်လာ ပြီး ငါးနာရီတင်းတင်းပြည့်တော့မယ်။ ပွဲစကတည်းက ဇွဲကောင်းကောင်းနဲ့ အခုချိန်အထိလိုက်ပါလာနိုင်တဲ့ ဒုတိယ လက်ထောက်ဆရာမကတော့ မီးခိုးညှော်နံ့မခံနိုင်တော့လို့ ဆရာကြီးကိုခွင့်တောင်းပြီး လူစားလဲလိုက်ပြီ။ ဆရာကြီးနဲ့ လက်ထောက်ကတော့ စကားတစ်ခွန်းမှမပြောနိုင်သေးဘဲ အပေးအယူအချိတ်အဆက်မိမိနဲ့ မြန်မြန်သွက်သွက် ဆက်လက် ချီတက်နေတယ်။ အသံအိုးအပေါ်ပိုင်းတစ်ခုလုံးလည်း ရှင်းသလောက်ရှိသွားပြီဆိုတော့ ဆရာကြီးက မေ့ဆေးဆရာဝန်ကြီး ကို အစ်မရေ၊ ဖြုတ်တော့မယ်လို့ပြောပြီး လည်ဇလုတ်အောက်နားက လေပြွန်ကိုလွတ်လွတ်ကျွတ်ကျွတ် လှီးချလိုက်တော့ ပါးစပ်ထဲကနေထိုးထည့်ထားတဲ့ ပလတ်စတစ်အသက်ရှူပိုက်ကြီးလည်း ထင်းခနဲ ပေါ်လာတယ်။ မေ့ဆေးဆရာဝန်ကြီးက အဲဒီပိုက်ကိုပါးစပ်ထဲကနေ ဆွဲထုတ်လိုက်ပြီး အင်္ဂလိပ်အက္ခရာ ဂျေပုံသဏ္ဍာန်ရှိတဲ့ အသက်ရှူပိုက် အသစ်တစ်ချောင်းနဲ့ လည်ပင်းအရင်းက လေပြွန်ဖြတ်စထဲကို မိမိရရ ထိုးသွင်းချိတ်ဆက်လိုက်ရင်း မေ့ဆေးဘောလုံးကို ဟန်မပျက် ဆက်ညှစ် နေလိုက်တယ်။ အသက်ရှူပိုက်ပြောင်းတပ်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဆရာကြီးက လေပြွန်အပါအဝင် အသံအိုးကြီးတစ်စုံ လုံးကို ဖြတ်ထုတ်ပစ်လိုက်တယ်။ လူနာရဲ့လည်ပင်းမှာ ဟင်းလင်းပွင့်သွားတဲ့အစာရေမြိုပြွန်နဲ့ ဘေးတစ်ဘက်တစ်ချက်က သွေးကြောမကြီးတွေပဲ ထီးထီးကြီးကျန်ရစ်ခဲ့တော့တယ်။ လူနာမှာ နှာခေါင်းကနေ အသက်ရှူသွင်းစရာ လေပြွန်မရှိတော့ ဘူး။ ရှူသမျှလေတွေဟာ လည်ပင်းအရင်းမှာရှိတဲ့ လေပြွန်ငုပ်တိုကနေပဲ အဝင်အထွက်လုပ်ရတော့တယ်။ ဆရာမ တစ်ယောက်က လူနာရဲ့နှာခေါင်းထဲကနေ နှာခေါင်းပိုက်ထိုးထည့်လိုက်တော့ ပွင့်နေတဲ့အစာရေမြိုပြွန်ကိုဖြတ်ပြီး အစာအိမ် ထဲ လျှောခနဲဝင်သွားတာ တွေ့လိုက်ရတယ်။ ခွဲစိတ်မှုဟာ ရှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် ပြီးသွားပြီ။ လည်ပင်းမှာကျန်ရစ်ခဲ့ တဲ့အစိတ်အပိုင်းတွေကို ရေသန့်သန့်နဲ့ဆေးကြာပစ်လိုက်တော့ အကျိအချွဲတွေဟာ သွေးတွေနဲ့ရောပြီးစီးကျလာတယ်။ လက်ထောက်က စုပ်စက်နဲ့စုပ်ထုတ်သန့်ရှင်းလိုက်ပြီးတော့ ဆရာကြီးက ဂွမ်းပုဝါအသစ်တစ်ခုကိုရေဆွတ်ပြီး လည်ပင်းမှာ ခပ်ဖွဖွဖုံးအုပ်ထားလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ မုန့်စားခဏနားလိုက်ဦးမယ်အစ်မလို့ မေ့ဆေးဆရာဝန်ကြီးကို လူနာ အပ်ပြီးထွက်သွားလိုက်တယ်။

ဆယ်မိနစ်လောက်ကြာတော့ လက်ထောက်နဲ့ဆရာကြီး ရှေ့ဆင့်နောက်ဆင့် ပြန်ဝင်လာကြတယ်။ လူနာကတော့ ခွဲစိတ် ခုတင်ပေါ်မှာ အသက်ရှူပိုက်တန်းလန်းနဲ့ လည်ပင်းပွင့်လျက်သား မေ့လို့ကောင်းတုန်း။ အော်ပရေးရှင်းပြီးဆုံးတော့မယ်ဆို တော့ အားလုံးလန်းဆန်းတက်ကြွနေကြပြီ။ ဆရာကြီးက ပွင့်နေတဲ့အစာရေမြိုကို ချုပ်ကြိုးသေးသေးလေးနဲ့ အင်္ကျီအပြဲစ ကိုပြန်ချုပ်သလိုမျိုး အပ်ချည်နဲ့တစ်ချက်ပြီးတစ်ချက် ပြန်တွယ်ချုပ်လိုက်တယ်။ ပြီးတော့ သေချာအောင် အပေါ်ကတစ်ထပ် ထပ်ချုပ်တယ်။ ပြီးတော့ မေးစေ့အပေါ်ဆွဲလှန်တင်ထားတဲ့ လည်ပင်းအရေပြားဖတ်ကို ပြန်အုပ်ချလိုက်တယ်။ လည်ပင်း အရင်းက လေပြွန်ငုပ်တိုရဲ့ပတ်ပတ်လည်ကိုလည်း လည်ပင်းအရေပြားနဲ့ ပြန်တွဲချုပ်ပေးလိုက်တယ်။ ပြီးတော့ လည်ပင်း အရေပြားအောက်နားကနေ ပိုက်သေးသေးလေးနှစ်ချောင်းထိုးထည့်လိုက်ပြီး ယိုစိမ့်စီးကျလာတဲ့သွေးတွေကိုခံထားဖို့ ပိုက် အဖျားမှာ ပလတ်စတစ်ဘူးလေးတစ်လုံးစီ တပ်ပေးထားလိုက်တယ်။  ပြီးတော့မှ ဆရာကြီးနဲ့လက်ထောက် ဇာဂနာကိုယ်စီ အပ်နဲ့အပ်ချည်ကိုယ်စီနဲ့ လူနာရဲ့လည်ပင်းအရေပြားကို ဘေးတစ်ဖက်တစ်ချက်စီကနေ ပြိုင်တူပြန်ပိတ်ပေးလိုက်ကြတယ်။ မေ့ဆေးဆရာဝန်ကြီးကလည်း မေ့ဆေးအချိန်အဆကို ဖြည်းဖြည်းချင်း ပြန်လျှော့နေပြီ။ အရေပြားအားလုံးပြန်ချုပ်ပြီးသွား တော့ လူနာရဲ့လည်ပင်းအပေါက်ထဲကိုထိုးထည့်ထားတဲ့ ပလတ်စတစ်အသက်ရှူပြွန်အစား ပိုးသတ်ထားပြီးသား ကြေးပြွန် ကောက်ကြီးတစ်ခု ပြန်ပြောင်းတပ်လိုက်တယ်။ ပြီးတော့ ခွဲစိတ်ခန်းဆရာမက လူနာလည်ပင်းမှာပေနေတဲ့ သွေးစသွေးန တွေကို အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းပတ်တီးစလေးနဲ့ ပြောင်စင်အောင်သုတ်ပေးလိုက်တယ်။ အခုတော့လည်း လူနာ လည်ပင်းမှာ ကင်းခြေများတစ်ကောင်ပတ်ခွေနေသလို ချုပ်ရိုးကြောင်းရာကြီးနဲ့ လေပြွန်ပေါက်တစ်ပေါက်ပဲ ကျန်ရစ်တော့ တယ်။ နာရီကြည့်လိုက်တော့ ညခုနှစ်နာရီထိုးခါနီးနေပြီ။ မေ့ဆေးပေးစက်ဖြုတ်လိုက်ပြီး သိပ်မကြာခင်မှာပဲ လူနာက သူ့ဖာသာသူ အသက်ပြန်ရှူနေပြီ။ ဒါပေမယ့် သတိတော့ကောင်းကောင်းမရသေးဘူး။ မေ့ဆေးဆရာဝန်ကြီးက လူနာ သတိရလာတဲ့အချိန် နာကျင်မှုမခံစားရအောင်ဆိုပြီး ပက်သဒင်း ငါးဆယ်မီလီဂရမ်ကို အကြောထဲထိုးထည့်ပေးလိုက် တယ်။


လင်းဇင်ယော်
ပိတောက်ပွင့်သစ် - ၂၀၁၃၊ အောက်တိုဘာ။